အီရန်အပေါ်အရေးယူပိတ်ဆို့မှုများပြန်ချမှတ်ရန် အမေရိကန်၏တောင်းဆိုမှု ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီတို့ပယ်ချ

 

အီရန်နိုင်ငံအပေါ် တင်းကျပ်သော အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် အမေရိကန် အစိုးရ၏ တောင်းဆိုချက်ကို ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့က ပယ်ချလိုက်ကြောင်း သိရသည်။ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ ဖြစ်သည့် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့က ၂၀၁၅ ခုနှစ်တွင် အီရန်နိုင်ငံနှင့် နျူကလီးယား သဘောတူ စာချုပ်ရရှိပြီး ထိုနိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ပေး ခဲ့သည်။

ထို့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ၂၀၁၈ ခုနှစ်တွင် ထိုစာချုပ်မှ နုတ်ထွက်ကာ ၎င်းတစ်နိုင်ငံတည်းအနေဖြင့် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ် ထားသည်။ ယခုအခါ နျူကလီးယားသဘောတူ စာချုပ်အရ ဖြေလျှော့ပေးထားသည့်  အရေးယူပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ရန် အမေရိကန်က တောင်းဆိုလာခြင်းဖြစ်သည်။ သို့သော် ထိုစာချုပ်ပါအဖွဲ့ဝင်နိုင်ငံများမှနုတ်ထွက်သွားသည့်အမေရိကန်နိုင်ငံသည် ယခုကဲ့သို့ တောင်းဆိုခွင့်မရှိကြောင်း၊ ထိုစာချုပ်ရရှိရန် ခက်ခဲပင်ပန်းစွာကြိုးပမ်းထားရခြင်းဖြစ်ကြောင်း ပြင်သစ်၊ ဗြိတိန်နှင့်ဂျာမနီနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများက စက်တင်ဘာ ၂၀ ရက်တွင် ပူးတွဲထုတ်ပြန်ထားခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အီရန်နိုင်ငံအပေါ် ဆုံးဖြတ်ချက်သည် ထိုသဘောတူစာချုပ် အပေါ်လွှမ်းမိုးမှုရှိကြောင်း၊ ထို့ကြောင့် ထိုစာချုပ်မရခင်က အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့်   အရေးယူပိတ်ဆို့မှုများ ဖြစ်သော လက်နက်ရောင်းဝယ်မှုကို တားမြစ်ခြင်းမှသည် ပဲ့ထိန်း ဒုံးကျည်အစီအစဉ်နှင့် နျူကလီးယားလက်နက်အတွက် ယူရေနီယံသန့်စင်မှုတို့အပေါ် ကန့်သတ်ချက်များအထိ အားလုံးကိုပြန်လည်ချမှတ်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောထားခြင်းဖြစ်သည်။

Ref: Bloomberg