ဗြိတိန်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက် တစ်နိုင်ငံလုံးကို လော့ဒေါင်းပြန်ချဖွယ်ရှိ

 

ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေစဉ် ပြည်သူများအနေဖြင့် ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးစည်းမျဉ်းများကို မလိုက်နာပါက တစ်နိုင်ငံလုံးကို ဒုတိယအကြိမ်  လော့ဒေါင်းပြန်ချဖွယ်ရှိကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့က စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။ ထိုနိုင်ငံ၌ ပြီးခဲ့သည့် သီတင်းပတ်များတွင် တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူအရေအတွက် အယောက် ၄၀၀၀ ကျော်အထိရှိလာသည်။

ထို့ကြောင့် အဆိုပါ ရောဂါကူးစက်ပျံ့နှံ့မှုသည် ဒုတိယအကျော့ဖြစ်သည်ဟု ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတ်မှတ်ပြီး နိုင်ငံတစ်ဝန်း၌ ပိုမိုတင်းကျပ်သော အသွားအလာ တားမြစ် ကန့်သတ်မှုများ ချမှတ်ဆောင်ရွက်မည်ဟု ပြောထားသည်။ ယင်းနောက် အင်္ဂလန်နိုင်ငံရှိ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ဖူးသူများအနေဖြင့် သီးသန့်ခွဲနေရမည်ဖြစ်ပြီး ထိုစည်းကမ်းကို မလိုက်နာပါက စတာလင်ပေါင် ၁၀၀၀၀ အထိ ဒဏ်ငွေချမှတ်မည်ဖြစ်ကြောင်း   ဘောရစ် ဂျွန်ဆင်က စက်တင်ဘာ ၁၉ ရက်တွင်ကြေညာသည်။ အလားတူ နိုင်ငံတစ်ဝန်းရှိ ဒေသ အသီးသီးကလည်း ၎င်းတို့၏ လုပ်ပိုင်ခွင့်အရ ဒေသတွင်းအသွားအလာတားမြစ် ကန့်သတ်မှုများ ထုတ်ပြန်ထားကာ လူစုလူဝေးပြုလုပ်မည့် အချိန်၊ နေရာနှင့် လူအင်အား တို့ကို ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

Ref: The Straits Times