အကြမ်းဖက်သမားများကို အသေပစ်ရန် ကာဇက်စတန် သမ္မတ အမိန့်ပေးထား

အကြမ်းဖက်သမားများကို အသေပစ်ရန် ကာဇက်စတန် သမ္မတ အမိန့်ပေးထား

    နိုင်ငံအတွင်း ဖြစ်ပွားနေသော   ဆူပူအကြမ်းဖက်မှုများကို   ထိန်းချုပ်နိုင်ရေးအတွက် ဓားပြများနှင့် အကြမ်းဖက်သမားများကို    အသေပစ်ခတ် ချေမှုန်းသွားရန် ကာဇက်စတန်သမ္မတ ကာဆမ်ဂျိုမာ့တိုကာယက်က အမိန့်ပေးထားကြောင်း သိရသည်။

သမ္မတသည်  ဆူပူ အကြမ်းဖက်မှုများ လုပ်နေသူများကို ဓားပြများနှင့် အကြမ်းဖက်သမားများ အဖြစ်ခေါ်ဆိုပြီး ၎င်းတို့အနေဖြင့် လက်နက်ချ အညံ့ခံခြင်း မရှိပါက အဆုံးတိုင် ချေမှုန်းခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထို့ပြင် ဓားပြ ၂ဝဝဝဝ ခန့်သည် နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အယ်မာတီမြို့ကို တိုက်ခိုက်ကာ နိုင်ငံပိုင် ပစ္စည်းများကို ဖျက်ဆီးမှုများ လုပ်ဆောင်ကြောင်း  သမ္မတက ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် မိန့်ခွန်းတွင် ပြောသည်။

ကာဇက်စတန်နိုင်ငံအတွင်း လောင်စာဆီ ဈေးမြင့်တက်မှုကို အကြောင်းပြကာ  နိုင်ငံတစ်ဝန်း ဆူပူဆန္ဒပြမှုများဖြစ်ပွားလာပြီး သီတင်းပတ် တစ်ပတ်အကြာ ဇန်နဝါရီ ၇ ရက်တွင် သမ္မတက ယခုကဲ့သို့ မိန့်ခွန်းပြောခြင်းဖြစ်သည်။

တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများ အနေဖြင့်  အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်း၏  တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါ အကြမ်းဖက်သမားများကို ကြိုတင် သတိပေးခြင်းမရှိဘဲ   အသေပစ်ခတ်ရန် အမိန့်ပေးထားသည်ဟု သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။

အကြမ်းဖက်သမားများ အနေဖြင့် လက်နက်ချခြင်း မရှိကြောင်း၊ ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်းနှင့် ရာဇဝတ်မှုများ  ဆက်လက်ကျူးလွန်ရန် ပြင်ဆင်နေကြောင်း သမ္မတကပြောသည်။

ထို့ကြောင့် အကြမ်းဖက်သမားများကို အဆုံးစွန်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး အညံ့မခံသူ မည်သူမဆို ချေမှုန်းခံရမည်ဖြစ်ကြောင်းနှင့် ဆန္ဒပြသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ  လုပ်သွားမည် မဟုတ်ကြောင်း သမ္မတက ဆက်ပြောသည်။

ရာဇဝတ်သားများ၊ လူသတ်သမားများနှင့်   တွေ့ဆုံဆွေးနွေးနိုင်မည့် နည်းလမ်း မရှိကြောင်း၊   အစိုးရက ရင်ဆိုင်နေရသည် မှာ လက်နက်များ ကိုင်စွဲပြီး   ကောင်းစွာ ကြိုတင်ပြင်ဆင်ထားသည့် ဓားပြများဖြစ်ကာ ထိုသူများထဲတွင် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံသားများလည်း ပါဝင်နေကြောင်း၊ အတိအကျဆိုရလျှင် အကြမ်းဖက်သမားများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်သမားများကို ချေမှုန်းနေရခြင်းဖြစ်ပြီး မကြာခင် အဆုံးသတ်နိုင်တော့မည်ဖြစ်ကြောင်း     ကာဇက်စတန်သမ္မတက အကျယ်တဝင့်ပြောသည်။

အလားတူ ကာဇက်စတန်နိုင်ငံ အနေဖြင့် နိုင်ငံအပေါ်   ကူညီထောက်ပံ့ပေးသော ရုရှားသမ္မတ  ဗလာဒီမာပူတင် အပါအဝင် တရုတ်၊ ဥဇဘက် ကစ္စတန်နှင့် တူရကီနိုင်ငံ တို့မှ  ခေါင်းဆောင်များကို ကျေးဇူးတင်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ကာဇက်စတန်အစိုးရ၏ အကူအညီ တောင်းခံမှုကြောင့် ရုရှားနှင့် အိမ်နီးချင်းနိုင်ငံများက စေလွှတ်လိုက်သည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ကာဆမ်ဂျိုမာ့တိုကာယက်က ပြောသည်ဟု သိရသည်။