ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19   ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19   ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၁
    
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ် ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကျောင်းသစ်ကျောင်းတိုက်၊ မဟာဗောဓိကျောင်းတိုက်၊ မြို့ဦးကျောင်းတိုက် နှင့်မြို့လယ်ကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ သဘာဝတရားရိပ်သာနှင့် ကွန်ဟိန်းမြို့၊ ကုန်းပေါင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊  အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်ရှိ ရွှေညောင်ပင်တောရပရိယတ္တိစာသင်တိုက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်ရှိ မော်ကျွန်းပရိယတ္တိစာသင်တိုက်နှင့် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်ရှိ ရွှေထနောင်းကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆိတ်ဖူးတောင် ကျေးရွာ၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့နယ်၊ ရေအေးမြောင်ကျေးရွာ ၊ မြန်အောင်မြေ ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ဝေပုလ’တောရ ဘုန်းတော်ကြီးကျောင်း၊ နတ်တလင်းမြို့၊ ဆင်သေကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
    
ထို့အပြင် COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ ဖယ်ခုံ မြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ ကွန်ဟိန်းမြို့၊ ပင်လုံမြို့နှင့် နမ့်စန်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ကော့မှူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ပြည်မြို့နှင့် နတ်တလင်းမြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19   ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။