နျူကလီးယားလက်နက်တိုက် အရွယ်အစားကို လျှော့မတွက်ရန် အမေရိကန်အား သတိပေး လိုက်သည့်တရုတ်

ဂြိုဟ်တုမှ  ဖမ်းယူရိုက်ကူးထားသည့် ပုံရိပ်များကို ကြည့်ရုံဖြင့်   တရုတ်နိုင်ငံ၏   နျူကလီးယား လက်နက်တိုက် အရွယ်အစားကို လျှော့မတွက်သင့်ကြောင်း တရုတ်က အမေရိကန်အား   သတိပေး လိုက်သည်။ တရုတ်နိုင်ငံအနေဖြင့်   လက်ရှိဖြစ်ပေါ် နေသည့်  လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအား  ဖြေရှင်းနိုင်ရေး အတွက်  နိုင်ငံ၏ နျူကလီးယားလက်နက်တိုက်ကို  ဆက်လက်အဆင့်မြှင့်တင်မည်ဖြစ်သည်။ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်တိုက်နှင့် စပ်လျဉ်း၍ လျှော့မတွက် သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ လက်နက်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဖူကုန်းက ဇန်နဝါရီ ၄ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏   နျူကလီးယားလက်နက်တိုက် အရွယ်အစားမှာ အမေရိကန်နှင့်ရုရှားတို့၏ လက်နက်တိုက် များနှင့် နှိုင်းယှဉ်ပါက   များစွာသေးငယ်လျက် ရှိသည်ဟု အမေရိကန်၏ ပြောဆိုချက်ကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ အမေရိကန် အနေဖြင့် ဂြိုဟ်တုမှဖမ်းယူရရှိသည့် ပုံရိပ်များကိုသာ ကြည့်၍ တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်တိုက် အရွယ်အစားကို ခန့်မှန်းတွက်ချက်ရန် မကြိုးစားသင့်ကြောင်း၊   တရုတ်နိုင်ငံသည်   မိမိတို့၏ နျူကလီးယားစွမ်းဆောင်ရည်များကို မှန်မှန်တိုးမြှင့်လျက်ရှိကြောင်းနှင့် အမေရိကန်၏ ခန့်မှန်းပြောဆိုချက်သည် မှန်ကန်မှုမရှိကြောင်း ဖူကုန်းက ဆက်လက်ပြောကြားထားသည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များအတွက်  လိုအပ်သည့်သိုလှောင်ရုံသစ်များ  တည်ဆောက်နေသည်ဟူသောသတင်းကို ၂၀၂၁ ခုနှစ်နှစ်လယ်ခန့်မှစ၍ အမေရိကန်မီဒီယာများ ကဖော်ပြခဲ့သည်။    တရုတ်အစိုးရသည် ကန်စုပြည်နယ် ယုမင်မြို့အနီး၌ ဒုံးကျည်သိုလှောင်ရုံအသစ် ၁၁၀ ကို တည်ဆောက်နေသည်ဟု  မီဒီယာများက  ဖော်ပြထားသည်။ အဆိုပါ သိုလှောင်ရုံတည်ဆောက်မှုသည်  နိုင်ငံ၏  တတိယမြောက်ဒုံးကျည်သိုလှောင်ရုံ   တည်ဆောက်ရေးလုပ်ကွက်ဖြစ်ပြီး  ယင်းသိုလှောင်ရုံများတွင် တရုတ်ပြည်တွင်းဖြစ်  ongfeng-41 အမျိုးအစား   ဒုံးကျည်သစ်အစင်းပေါင်း   ၁၀၀ ကျော်ကို သိုလှောင်ထားမည်ဟု ယူဆနေကြသည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်သိုလှောင်ရုံသစ် သုံးခုတွင် တာဝေးပစ်   နျူကလီးယားဒုံး ကျည်အစင်းပေါင်း ၃၅၀ မှ ၄၀၀ အထိ သိုလှောင်ထားနိုင်ဖွယ် ရှိသည်ဟု   အမေရိကန်နျူကလီးယား ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ရန်လိုသည့်   လုံခြုံရေးဆိုင်ရာ အခြေအနေပြောင်းလဲမှုများ ထွက်ပေါ်လာခြင်းကြောင့် မိမိတို့၏ နျူကလီးယားလက်နက်တိုက်ကို   ဆက်လက်အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသတွင် ထွက်ပေါ်လာသည့် လုံခြုံရေးဆိုင်ရာ အခြေအနေဆိုသည်မှာ အမေရိကန်နှင့် အနောက်နိုင်ငံများက သြစတြေးလျနိုင်ငံနှင့်    ပူးပေါင်းဖွဲ့စည်းထားသည့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့များ ဖွဲ့စည်းခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု ယူဆရသည်။ ထို့ပြင်  အာရှ-ပစိဖိတ်ဒေသအတွင်း  မြေပြင်အခြေပြု  တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကြက်မည်ဟု အမေရိကန်၏ ပြောဆိုချက်များသည် ဒေသတွင်း မလုံခြုံမှုများကို မြင့်တက် လာစေနိုင်သည်။

အမေရိကန်အစိုးရသည် အဆိုပါ တာလတ်ပစ်ဒုံးကျည်များကို   တရုတ်နိုင်ငံအနီး၌ ဖြန့်ကြက်နိုင်ရေးအတွက်   ဒေသတွင်းရှိ မဟာမိတ်နိုင်ငံများအား စည်းရုံးလျက်ရှိသည်။   အမေရိကန်တို့သည်  ရုရှားနှင့် သဘောတူလက်မှတ်  ရေးထိုးထားသည့် တာလတ်ပစ်    နျူကလီးယားတပ်ဖွဲ့များ ဆိုင်ရာ သဘော တူညီချက်ကို ၂၀၁၉ ခုနှစ်က ပယ်ဖျက်ပြီး ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများ စတင် လုပ်ဆောင်လာသည်။

လက်ရှိ ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်   အများဆုံးပိုင်ဆိုင်ထားသည့်    နိုင်ငံကြီးငါးနိုင်ငံမှာ ရုရှား၊ အမေရိကန်၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန်တို့ဖြစ်သည်။ ယင်းနိုင်ငံများအနက် တရုတ်နိုင်ငံတစ်နိုင်ငံ တည်းကသာ နျူကလီးယား လက်နက်အား ဦးစွာ အသုံးမပြုရေးမူဝါဒကို    ထုတ်ပြန်ကြေညာထားသည်။   တစ်နည်းအားဖြင့် ဆိုရပါမူ  မိမိနိုင်ငံအား  တခြားပြည်ပနိုင်ငံတစ်နိုင်ငံက လာရောက်တိုက်ခိုက်မှသာ လက်တုံ့ပြန်သည့် အနေဖြင့် အသုံးပြုမည်ဟု ဆိုလိုခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူ တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ပြောင်းလဲလာသည့်   လုံခြုံရေးပတ်ဝန်းကျင် အခြေအနေများကို တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံ၏နျူကလီးယား စွမ်းဆောင်ရည်ကို ခေတ်နှင့်အညီ    အဆင့်မြှင့်တင်ဖွယ်ရှိသည်။

ထိုအခြေအနေကို   ပြိုင်ဘက်နိုင်ငံအဖြစ် ရပ်တည်နေသည့်  အမေရိကန်ကလည်း ဂြိုဟ်တုပတ်လမ်း အတွင်းသို့   လွှတ်တင်ထားသည့် စောင့်ကြည့်ရေးဂြိုဟ်တုမှဖမ်းယူ ရိုက်ကူးထားသော ပုံရိပ်များကိုကြည့်၍   သုံးသပ်ပြောဆိုနေခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့သော် အခြေအနေများက များစွာ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံ၏ နည်းပညာမှာ   အရှိန်အဟုန်ကြီးမားစွာ တိုးတက်လာပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်များနှင့် သိုလှောင်

ရုံအရေအတွက်အတိအကျကို  ခန့်မှန်းရန်ခက်ခဲသည့်  အခြေအနေများကြောင့် မိမိတို့၏   နျူကလီးယား လက်နက်တိုက် အရွယ်အစားကို လျှော့မတွက်ရန် အမေရိကန်အား  တရုတ်က သတိပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း     ရေးသား တင်ပြလိုက်ရပါသည်။       

Ref: SIPRI, Sputnik