အမေရိကန်၏ ခြယ်လှယ်ခံဒေသတစ်ခုဖြစ်ခဲ့သည့် အာဖရိက ဦးချိုဒေသသို့ တရုတ်နိုင်ငံက ဆက်ဆံရေး တိုးမြှင့်လာ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အာဖရိကတိုက်ရှိ ကင်ညာနိုင်ငံသို့ သွားရောက်ခဲ့ပြီး  နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်မိတ်ဖက်ပူးပေါင်းမှု ဆက်ဆံရေးအသစ်တစ်ရပ်ကို     တည်ထောင်လိုက်ကြောင်း နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီးများက ကြေညာခဲ့သည်။

ဝမ်ယီ၏  အဆိုပါခရီးစဉ်သည်  ဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့်     အီရစ်ထရီးယားနိုင်ငံသို့    ၎င်းသွားရောက်ပြီး နှစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် အမေရိကန်၏ တစ်ဖက်သတ်ပိတ်ဆို့ခံ  အီရစ်ထရီးယား နိုင်ငံအပေါ် ဆက်လက်ထောက်ခံမည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အာဖရိက ဦးချိုဒေသဆိုင်ရာ   အထူးငြိမ်းချမ်းရေးသံတမန်တစ်ဦးကို   ခန့်အပ်မည်ဖြစ်ပြီး အဆိုပါ ဒေသအတွင်း  ဆက်ဆံရေးရုံးတစ်ရုံး ဖွင့်လှစ်ရန်လည်း စီစဉ်ထားသည်။ လက်ရှိ အမေရိကန်သည် အဆိုပါဒေသအတွင်း လွှမ်းမိုးမှုကို ထိန်းသိမ်းရာ၌ ရုန်းကန်နေရသည့် အခြေအနေတွင် ရှိနေသည်။

ထို့ကြောင့် အမေရိကန်အစိုးရက ၎င်းတို့၏လွှမ်းမိုးမှုကို ထိန်းသိမ်းရာတွင် အခက်အခဲဖြစ်နေစဉ် တရုတ်က အဆိုပါဒေသအတွင်း ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ထို့ပြင်တရုတ်နှင့်ကင်ညာနိုင်ငံတို့သည် အာဖရိကဦးချိုဒေသ ငြိမ်းချမ်းရေးအတွက် လုပ်ဖော်ကိုင်ဖက် နိုင်ငံများအဖြစ်   ရပ်တည်နေကြောင်း ဝမ်ယီက ၎င်း၏ ကင်ညာနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ အာဖရိကဦးချိုဒေသငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံ၏ ပါဝင်လုပ်ဆောင်မှုအခန်းကဏ္ဍ  တိုးမြှင့်ရေးအတွက်  ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ရန်စီစဉ်ထားသည်။

ဝမ်ယီ၏အာဖရိကခရီးစဉ်သည် တရုတ်အစိုးရက  အာဖရိကဦးချိုဒေသရှိ မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် လုပ်ဆောင်သည့်အနေဖြင့်   ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဝမ်ယီသည် အဆိုပါ ခရီးစဉ်အတွင်း အီသီယိုးပီးယား၊ အီရစ်ထရီးယားနှင့် ကင်ညာနိုင်ငံတို့သို့   သွားရောက်ခဲ့သည်။

အီသီယိုးပီးယား ဝန်ကြီးချုပ်သည် လက်ရှိနိုင်ငံအတွင်းဖြစ်ပွားနေသည့်   ပဋိပက္ခများကို အဆုံးသတ်ရန်   ပျက်ကွက်သည် ဟူသောအကြောင်းပြချက်ဖြင့်    အမေရိကန်၏ ပိတ်ဆို့မှုကို ခံထားရသည်။ ထို့ပြင်အီရစ်ထရီးယားနိုင်ငံသည် အီသီယိုးပီးယားအစိုးရနှင့်  မဟာမိတ်ဖွဲ့ထားခြင်းကြောင့် အမေရိကန်၏ ပိတ်ဆို့မှုနှင့်  ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထို့ကြောင့် တစ်နည်းအားဖြင့်ဆိုရပါမူ ဝမ်ယီ၏ခရီးစဉ်သည်  အမေရိကန်၏ပိတ်ဆို့မှုကိုခံနေရသည့်  အာဖရိကဒေသရှိ မဟာမိတ်နိုင်ငံများနှင့်  ဆက်ဆံရေးတိုးတက်လာစေရန် လုပ်ဆောင်သည့် ခရီးစဉ်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

အာဖရိကဦးချိုဒေသသည်  ယခင်ကအမေရိကန်၏ လွှမ်းမိုးခြယ်လှယ်ရာ ဒေသတစ်ခုအဖြစ် တည်ရှိခဲ့သော်လည်း အဆိုပါဒေသအတွင်း ဖြစ်ပွားလာသော  ပဋိပက္ခများကြောင့် အမေရိကန်သည် ယင်းဒေသကို  စွန့်ခွာစပြုလာသည့်အခြေအနေတွင်ရှိနေသည်။

ထို့ကြောင့် အနာဂတ်ကာလတွင် လွှမ်းမိုးမှုလစ်လပ်လာမည့်ကွက်လပ်ကို အချိန်မီဖြည့်နိုင်ရန် တရုတ်က လုပ်ဆောင်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင်   ဂျီဘူတီနိုင်ငံ၌  ရေတပ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်သည်။

အီသီယိုးပီးယားအစိုးရသို့လည်း   ငွေကြေးများ   ချေးငှားပေးထားသည့်အပြင် တောင်ဆူဒန်ရှိ   ရေနံလုပ်ကွက်များ၌ ငွေကြေးအမြောက်အမြားရင်းနှီးမြှုပ်နှံထားသည်။ 

တစ်ချိန်တည်းမှာပင်   ပဋိပက္ခများဖြစ်ပွားနေပြီး   ယခင်က   အမေရိကန်၏ လွှမ်းမိုးခြယ်လှယ်ရာ ဒေသတစ်ခုဖြစ်ခဲ့သည့် အာဖရိကဦးချိုဒေသရှိ မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်စေရန်   ကြိုးပမ်းလာခြင်းသည်   တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို  အာဖရိကဦးချိုဒေသသို့ပါ  တိုးချဲ့ရန် လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref: Telesurenglish, D.W