ပါကစ္စတန်၌ နှင်းထူထပ်စွာ ကျဆင်းပြီး ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူ ၂၁ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ၌ ပုံမှန်မဟုတ်သော နှင်းထူထပ်စွာကျဆင်းမှုကို လူထောင်ပေါင်းများစွာ  လာရောက်စုပြုံ ကြည့်ရှုမှုကြောင့်  ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားရာမှ အနည်းဆုံး လူ ၂၁ ဦးသေဆုံးကြောင်း တာဝန်ရှိသူများ က ဇန်နဝါရီ ၈ ရက်တွင်ပြောသည်။

ထိုဖြစ်စဉ်သည် အစ္စလာမ်မာဘတ်မြို့ တော်အရှေ့မြောက်ဘက် ကီလိုမီတာ ၇၀ အကွာရှိ မာရီးတောင်ပေါ်မြို့၌ ဖြစ်ပွားခြင်း ဖြစ်သည်။ အဆိုပါ  ယာဉ်ကြောပိတ်ဆို့မှု ကြောင့် အေးခဲသေဆုံးသူအနည်းဆုံး ရှစ်ဦးရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

အခြားသေဆုံးသူများသည် နှင်းကျဆင်းမှုကို ကြည့်ရန်လာသော ကားများမှထွက်သည့် မီးခိုးငွေ့များကို ရှူရှိုက်မိပြီးနောက် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်သေဆုံး ခြင်းဟုတ်၊မဟုတ်ကို  ရှင်းလင်းစွာမသိရ သေးပေ။

ထို့ပြင် မာရီးမြို့အနီး၌ ပိတ်မိနေသော လူထောင်ပေါင်းများစွာကို  ကယ်ဆယ်ရန် နှင့် လမ်းများကို ရှင်းလင်းရန် တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း ပြည်ထဲရေး ဝန်ကြီးရှိတ်ရာရှစ်ကပြောသည်။

လူမှုမီဒီယာတွင်ပြသထားသောဗီဒီယို များအရ ကားများသည် တစ်စီးနှင့်တစ်စီး ရှေ့နောက်စီတန်းနေပြီး ထိုကားအမိုးများ ပေါ်တွင်  တစ်မီတာခန့်မြင့်သောနှင်းများစုပုံနေသည်ကိုတွေ့ရသည်။

နှင်းထူထဲစွာကျဆင်းမှုသည် ယာဉ်ကြော ပိတ်ဆို့မှုနှင့်လမ်းပိတ်ဆို့မှုကို ဖြစ်စေကြောင်းနှင့် နေရာအများအပြားတွင် သစ်ပင်များပြိုလဲမှုကြောင့်လည်း လမ်းများကိုပိတ်ထားရကြောင်း နာရီပေါင်းများစွာ သောင်တင်နေ သော ခရီးသွားတစ်ဦးကပြောသည်။

ထိုဒေသရှိနှင်းထူထပ်စွာကျဆင်းမှုသည် ဇန်နဝါရီ ၉ ရက်အထိဖြစ်ပွားမည်ဟု မျှော်မှန်းရကြောင်း ပါကစ္စတန် မိုးလေဝသဌာနဝက်ဆိုက်တွင်ဖော်ပြထားသည်။

ထို့ပြင်     ဆယ်စုနှစ်များစွာအတွင်း တင်ထားနိုင်ခဲ့သည့်စံချိန်များသည်  ပြီးခဲ့သည့် ၄၈ နာရီအတွင်းမှာပင် စံချိန်ချိုးခံလိုက်ရပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောသည်ဟုသိရသည်။

Ref: TST