တရားမဝင် ကုန်ပစ္စည်းများနှင့် သစ်မျိုးစုံ ဖမ်းဆီးရမိ

တရားမဝင် ကုန်ပစ္စည်းများနှင့် သစ်မျိုးစုံ ဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ  ၉

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် ဧရာဝတီတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု   တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့မှ ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ကိုးဆူ စစ်ဆေးရေးဂိတ်နှင့်    ရေကြည်မြို့နယ် မိဿလင်ကျေးရွာ အနီးတို့တွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ ပိတ်ဆို့စစ်ဆေးခဲ့ရာ ကျွန်းသစ် ၅၃ တန်နှင့် ပျဉ်းကတိုးသစ် ၈ တန် စုစုပေါင်း သစ်ခွဲသား  ၆၁ တန်ခန့်ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၇ ရက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းကျေးရွာ နေလသစ္စာ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးခဲ့ရာ သင်္ဂဒူသစ်ခွဲသား ဆိုဒ်စုံ ၁ ဒသမ ၈ တန်ခန့်အား သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဇန်နဝါရီ ၈ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်သေတ္တာများအား စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင်  ပါဝင်ခြင်းမရှိသော လုပ်ငန်းသုံး သစ်ပုံဖော်စက် လေးလုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄ဝဝဝဝဝဝ)ခန့်အား လည်းကောင်း၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်း ခုနစ်မျိုး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁ဝဝဝဝဝ)ခန့်အား လည်းကောင်း၊ လူသုံးကုန်ပစ္စည်း ၂၁ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃ဝ၇၂၅ဝဝ)ခန့်အားလည်းကောင်း စုစုပေါင်း အမှုတွဲ သုံးခု  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁၇၂၅ဝဝ)ခန့်အားလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး အမှုတွဲဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး     သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် တောင်ငူခရိုင်နှင့်    သာယာဝတီခရိုင်အတွင်းရှိ ကြိုးဝိုင်းသစ်တောများ အတွင်း တရားမဝင်သစ်များ ထုတ်လုပ်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် သစ်မျိုးစုံ ၆ ဒသမ ၃၅ တန် ဖမ်းဆီးရမိခဲ့သည်။

သို့ပါ၍ ဇန်နဝါရီ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နှင့် ၉ ရက်တို့တွင် သစ်မျိုးစုံ (၆၉ ဒသမ ၁၅) တန်အားလည်းကောင်း၊ ဇန်နဝါရီ ၈ ရက်တွင် အမှုတွဲ သုံးခု   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁၇၂၅ဝဝ)ခန့်အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး   ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ   ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။