သံဖြူဇရပ်မြို့နယ်အတွင်းရှိ ငါးဖမ်းလုပ်သားများအဆင်ပြေရန် အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ တပ်မတော်သားများက ငါးများဝယ်ယူဖြန့်ဖြူးရောင်းချပေး

သံဖြူဇရပ်မြို့နယ်အတွင်းရှိ ငါးဖမ်းလုပ်သားများအဆင်ပြေရန် အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ တပ်မတော်သားများက ငါးများဝယ်ယူဖြန့်ဖြူးရောင်းချပေး

နေပြည်တော်၊ စက်တင်ဘာ - ၂၁
    
COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ မြို့ပေါ်နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံရေလုပ်သားများ ဖမ်းယူရရှိသော ငါးများ အား ပို့ဆောင်ဖြန့်ဖြူးနိုင်မှုမရှိခြင်းနှင့် လာရောက်ဝယ်ယူသူနည်းပါးလာခြင်းတို့ကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ သံဖြူဇရပ်တပ်နယ်မှ တပ်မတော်သားများက ကျိုက္ခမီမြို့ရှိ ငါးအရောင်းဒိုင်သို့ သွားရောက်၍ ရေလုပ်သားများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ဝယ်ယူခဲ့သည်။
    
ထိုသို့ဝယ်ယူခဲ့သည့် ငါးသားလောက် ၆၀၀ ပိဿာနှင့် ငါးဓားလွယ် ၆၀၀ ပိဿာ စုစုပေါင်းငါးပိဿာ ၁၂၀၀ တို့ကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ဆက်လက်ဝယ်ယူဖြန့်ဖြူးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။