ဘရာဇီးနိုင်ငံ၌ လှေများပေါ်သို့ ကျောက်သားထုများ ပြိုကျခြင်းကြောင့် လူခြောက်ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံ၌ လှေများပေါ်သို့ ကျောက်သားထုများ ပြိုကျခြင်းကြောင့် လူခြောက်ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မီနက်ဂါရစ်ပြည်နယ်ရှိ ရေကန်တစ်ခု၌ အပျော်စီး ခရီးသွား လှေလေးစင်းပေါ်သို့ ချောက်နက်ကြီးမှ    ကြီးမားသည့် ကျောက်သားထု အများအပြား ပြိုကျမှုဖြစ်ပွားခြင်းကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးပြီး လူ ၃၂ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက  ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။

တာဝန်ရှိသူများသည် အဆိုပါ မတော်တဆမှုအတွင်း လူ ၂ဝ ဦးထက် မနည်း ပျောက်ဆုံးလျက်ရှိသည်ဟု ယူဆထားပြီး ၎င်းတို့ကို ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါမတော်တဆမှုသည် ဇန်နဝါရီ ၈ ရက်  မွန်းလွဲပိုင်းတွင် မီနက်ဂါရစ်ပြည်နယ်   ကယ်ပီတိုလီယိုစီးတီးအနီး ဖာနက်ရေကန်၌   ဖြစ်ပွားခြင်းဖြစ်ပြီး  အနီးပတ်ဝန်းကျင်ရှိ ချောက်နက်ကြီးမှ ကြီးမားသည့်ကျောက်သားများ ပြိုကျလာခြင်းဖြစ်သည်။ အဆိုပါကျောက်သားထုများသည် ခရီးသွားများကို လှည့်လည်ပြသနေသည့် လှေလေးစင်းပေါ်သို့ ပြုတ်ကျလာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဒေသတွင် ဇန်နဝါရီ ၈ ရက်နံနက်ပိုင်းက စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားခြင်းကြောင့်   ကျောက်သားများ ပြိုကျခဲ့ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ယူဆထားကြောင်း သိရသည်။