အာရေဗျပင်လယ်တွင် သိမ်းဆည်းရမိသည့် လက်နက်များမှာ အီရန်မှဖြစ်ဟုဆို

အာရေဗျပင်လယ်တွင် သိမ်းဆည်းရမိသည့် လက်နက်များမှာ အီရန်မှဖြစ်ဟုဆို

အာရေဗျပင်လယ်အတွင်း မကြာမီက သိမ်းဆည်းရမိသည့်  လက်နက်ပစ္စည်း ထောင်ပေါင်းများစွာသည် အီရန်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုတည်းမှ သယ်ဆောင်လာခြင်း ဖြစ်သောကြောင့် ယင်းလက်နက်များကို အီရန်က ယီမင်နှင့် အခြားနိုင်ငံများသို့ တရားမဝင် ပို့ဆောင်နေသည်ကို ကုလသမဂ္ဂ အဖွဲ့ကတွေ့ရှိကြောင်း Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။

ယီမင်နိုင်ငံသည် ၂ဝ၁၄ ခုနှစ်မှစ၍ လက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်နေပြီး အီရန်က ထောက်ခံထားသည့် ဟူသီသူပုန်များက အစိုးရအဖွဲ့အား တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့က ယီမင်နိုင်ငံသို့ လက်နက်တင်ပို့ခြင်းကို ၂ဝ၁၅ ခုနှစ်ကတည်းက တားမြစ်ထားခြင်းဖြစ်ကြောင်း ဂျာနယ်တွင် ဇန်နဝါရီ ၈ ရက်က ဖော်ပြထားသည်။ အီရန်မှတင်ပို့လိုက်သည့် လက်နက်များတွင် ဒုံးပစ်လောင်ချာများ၊ စက်သေနတ်များနှင့် လက်ဖြောင့် သေနတ်များ ပါဝင်ပြီး ယင်းလက်နက်များကို အမေရိကန်ရေတပ်က သိမ်းဆည်းရမိခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်များအား သယ်ယူပို့ဆောင်သည့် ရေယာဉ်များသည် အီရန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဂျက်ဆိပ်ကမ်းမြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ အဆိုပါ ရေယာဉ်များပေါ်တွင်   လိုက်ပါလာသည့် ရေယာဉ်အမှုထမ်းများ၏ ပြောဆိုချက်များနှင့် အချက်အလက်များ အရ သိရကြောင်းဂျာနယ်တွင် ဆက်လက် ဖော်ပြထားသည်။

သို့ရာတွင် အီရန်နိုင်ငံသည် လက်နက်ခဲယမ်းများကို   ယီမင်သို့ ရောင်းချခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ပေးခြင်း မရှိကြောင်း အီရန်အစိုးရက ပြောဆိုထားသည်။ ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည်   ယီမင်နိုင်ငံတွင် အီရန်က လွှမ်းမိုးလာခြင်းမှ တားဆီးရန်အတွက်    ယီမင်တွင်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခတွင် ၂ဝ၁၅ ခုနှစ်မှ စ၍ ဟူသီသူပုန်များအပေါ်  တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။