ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် လူ ၁၃ ဦး ထပ်မံသေဆုံး

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် လူ ၁၃ ဦး ထပ်မံသေဆုံး

ထိုင်းနိုင်ငံတွင် ဇန်နဝါရီ ၁ဝ ရက်က လူ ၇၉၂၆ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း  ရောဂါပိုးကူးစက်မှု အခြေအနေ စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်သည်။

ထပ်မံဖြစ်ပွားသည့်ရောဂါပိုး ကူးစက်မှုများ၏ သုံးပုံတစ်ပုံကျော်မှာ အိုမီခရွန်ဗိုင်းရပ်ပိုး ကူးစက်ခံရခြင်းဖြစ်ပြီး ရောဂါပိုး ထပ်မံကူးစက်မှုများကို နိုင်ငံအတွင်းရှိ ပြည်နယ်၇၇ ခုအနက်  ၇၁ ခုတွင် တွေ့ရှိရကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များတွင်ဖော်ပြထားသည်။ ရောဂါပိုး ထပ်မံကူးစက်မှု ဖြစ်ပွားသည့်ပြည်နယ်များ အနက်  ချွန်ဘူရီ၊  ဆမွတ်ပရာကန်၊ ဘန်ကောက်နှင့် ဖူးခက်တို့တွင် ကူးစက်မှု အများဆုံးဖြစ်ပြီး   ယင်းပြည်နယ်များ၌ ရောဂါပိုး ကူးစက်ခံရသူ  ၅ဝဝ ကျော်စီရှိကြောင်းသိရသည်။

ရောဂါပိုးကူးစက်မှုကြောင့် သေဆုံးသွားသူ ၁၃ ဦးအနက် ၁ဝ ဦးမှာ ကာကွယ်ဆေး ထိုးနှံခြင်း မခံထားရသူ သို့မဟုတ် ကာကွယ်ဆေးအား  အပြည့်အဝ ထိုးနှံပေးခြင်း မခံထားရသူများ ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းကို ခံယူကြရန် အစိုးရက တိုက်တွန်းထားသည်။အစိုးရသည် လက်ရှိတွင် ကလေးသူငယ်များအား  အားဖြည့်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဦးစားပေး ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံအတွင်း အစုလိုက်ရောဂါပိုး ကူးစက်မှုများသည်   နှစ်သစ်ကူး ပါတီများနှင့် အခြားပါတီပွဲများ ကျင်းပခြင်းနှင့် ဆက်နွှယ်လျက်ရှိကြောင်း အစိုးရက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံရသူ ၂၂၇၇၄၇၆ ဦးရှိပြီး သေဆုံးသူ အရေအတွက်မှာ၂၁၈၃၈ ဦး ရှိကြောင်း သိရသည်။