အငြင်းပွားမှုများကို ထွက်ပေါ်လာစေခဲ့သည့် ဒယ်တာခရွန်ဗိုင်းရပ်

အငြင်းပွားမှုများကို ထွက်ပေါ်လာစေခဲ့သည့် ဒယ်တာခရွန်ဗိုင်းရပ်

ဆိုက်ပရပ်နိုင်ငံမှ သိပ္ပံပညာရှင်တစ်ဦးသည် ဒယ်တာနှင့် အိုမီခရွန်စသည့် ကိုဗစ်-၁၉ရောဂါပိုးမျိုးကွဲ နှစ်ခုပေါင်းစပ်ထားသည့် ဗိုင်းရပ်မျိုးကွဲသစ် တစ်ခုကို တွေ့ရှိခဲ့သည်ဟု Bloomberg သတင်းဌာနကြီးက  ဖော်ပြသည်။

အဆိုပါဗိုင်းရပ်မျိုးကွဲကို     စတင်တွေ့ရှိခဲ့သူမှာ ဆိုက်ပရပ် တက္ကသိုလ်မှ ဇီဝသိပ္ပံပါမောက္ခ တစ်ဦးဖြစ်သူ လီယွန်ဒီးယို့ကိုစထရီကစ် ဆိုသူဖြစ်သည်။ ၎င်းက  ယင်းဗိုင်းရပ်မျိုးကွဲကို ဒယ်တာခရွန်ဟု အမည်ပေးထားသည်။ အကြောင်းမှာ မျိုးကွဲနှစ်မျိုးကိုပေါင်းစပ်ထားသောကြောင့် ဖြစ်သည်ဟု ကိုစထရီကစ်က ယူဆထားခြင်းကြောင့် ဖြစ်သည်။ လက်ရှိတွင် ကိုစထရီကစ်နှင့် ၎င်း၏သုတေသီအဖွဲ့သည် ဒယ်တာခရွန်ဗိုင်းရပ်ပိုး ကူးစက်ခံထားရသူ ၂၅ ဦးကို တွေ့ရှိထားပြီး ဖြစ်သည်။

ဗိုင်းရပ်ပိုး ကူးစက်ခံထားရသူ  ၂၅ ဦး အနက် ၁၁ ဦးကို  ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့သည်။ ကျန် ၁၄ ဦးမှာ ဆိုက်ပရပ်နိုင်ငံအတွင်းရှိ သာမန်ပြည်သူများဖြစ်သည်။သို့ရာတွင် ဒယ်တာခရွန်ဗိုင်းရပ်ပိုးသည် လောလောဆယ်တွင်   စိုးရိမ်ဖွယ် အခြေအနေမရှိသေးဟု   ဆိုက်ပရပ် ကျန်းမာရေးဝန်ကြီး မစ်ချယ်လစ်ဟက် ဂျီပန်ဒီလက်က ပြောဆိုသည်။

အဆိုပါ ဒယ်တာခရွန်မျိုးကွဲနှင့် စပ်လျဉ်း၍ လေ့လာမှုများကို  ဆက်လက် လုပ်ဆောင်လျက်ရှိပြီး  တွေ့ရှိချက်များကို ဗိုင်းရပ်များအား ရှာဖွေလေ့လာနေသည့် နိုင်ငံတကာအဖွဲ့အစည်းကြီး တစ်ခုဖြစ်သော GISAID  သို့ ပို့ဆောင်ထားသည်။  ယခုတွေ့ရှိသည့် ဗိုင်းရပ်မျိုးကွဲသည်   ဒယ်တာနှင့် အိုမီခရွန် ဗိုင်းရပ်ပိုးများနှင့်    ဆက်နွှယ်မှု  ရှိ၊ မရှိ သို့မဟုတ် အဆိုပါ ဗိုင်းရပ်မျိုးကွဲများထက် ပိုမိုကူးစက်လွယ်မှုရှိ၊  မရှိကို ဆက်လက် လေ့လာသွားမည်ဖြစ်ကြောင်း ကိုစထရီကစ်က  တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောဆိုခဲ့သည်။

ကမ္ဘာ့နိုင်ငံများတွင်  အိုမီခရွန်ဗိုင်းရပ်ပိုး ကူးစက်မှုနှုန်း မြင့်တက်လာခြင်းကြောင့် သက်ဆိုင်ရာနိုင်ငံများက    ရောဂါပိုး ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ဦးစားပေး လုပ်ဆောင်နေစဉ် ကိုစထရီကစ်က အိုမီခရွန်နှင့် ဒယ်တာမျိုးကွဲနှစ်ခု ပေါင်းစပ်ထားသည်ဟု ဆိုသော ဒယ်တာခရွန်မျိုးကွဲ ဗိုင်းရပ်ပိုးကို ဆိုက်ပရပ်တွင် တွေ့ရှိခဲ့သည် ဟူသော ကြေညာချက်   ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုစထရီကစ်၏ အဆိုပါတွေ့ရှိမှုသည် အငြင်းပွားမှုများကို  ထွက်ပေါ်လာစေခဲ့သည်။ အကြောင်းမှာ ဒယ်တာခရွန်သည် ဗိုင်းရပ်မျိုးကွဲအသစ်   တစ်မျိုးမဟုတ်ဘဲ ဓာတ်ခွဲခန်းအတွင်း၌ ဖြစ်ပွားသည့် မှားယွင်းမှုကြောင့်သာ ဖြစ်သည်ဟု ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ  Imperial ကောလိပ်မှ ရောဂါပိုးမွှားဆိုင်ရာ ပညာရှင် တွန်ပီးကော့က ပြောဆို ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ဒယ်တာခရွန်သည်  ဗိုင်းရပ်မျိုးကွဲသစ် တစ်ခုမဟုတ်ဘဲ ညစ်ညမ်းမှုဖြစ်ပွားခြင်း၏ အကျိုးရလဒ်သာဖြစ်ပြီး ထိုသို့သော ဖြစ်စဉ်များကို မီဒီယာများက ဖော်ပြလေ့မရှိဟု  တွန်ပီးကော့က လူမှုမီဒီယာတစ်ခုပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

သို့သော်   ဒယ်တာခရွန်ဗိုင်းရပ်သည် ဓာတ်ခွဲခန်းအတွင်း ဖြစ်ပွားသည့် မှားယွင်းမှု သို့မဟုတ် ညစ်ညမ်းမှုကြောင့် ထွက်ပေါ်လာခြင်း မဟုတ်ဟု ကိုစထရီကစ်က ချေပပြောဆိုထားသည်။ ဒယ်တာခရွန်ဗိုင်းရပ်ပိုး ကူးစက်မှုများသည်  ဆေးရုံတက်ရောက် ကုသခြင်း မရှိသော လူနာများထက် စာပါက ရောဂါပိုး ကူးစက်မှုကြောင့် ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူသူများတွင်  ပိုမိုဖြစ်ပွားလေ့ရှိကြောင်း ကိုစထရီကစ်က ပြောသည်။ထို့ပြင် ဒယ်တာခရွန်ဗိုင်းရပ် ကူးစက်ခံထားရသူများ၏ နမူနာများကိုလည်း နိုင်ငံအများအပြားတွင် လေ့လာစစ်ဆေးရန်  လုပ်ဆောင်ထားပြီး ဖြစ်သည်ဟု   ၎င်းက ဆက်လက်ပြောဆို ထားသည်။

ယခုအခါ ကမ္ဘာ့နိုင်ငံ အများအပြားတွင် ရောဂါပိုးကူးစက်မှု  ပြန်လည်မြင့်တက်လာခြင်းကြောင့် အစိုးရအဖွဲ့များမှာ ဖိအားပေးမှုများနှင့် ကြုံတွေ့နေရလျက်ရှိသည်။ ထိုသို့ ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင်  ဒယ်တာခရွန်ဗိုင်းရပ်ပိုး အသစ်ထွက်ပေါ်လာခြင်းသည် စိုးရိမ်မကင်းဖြစ်မှုများကို တိုးပွားလာစေမည်ဖြစ်သည်။

ဒယ်တာခရွန်သည် ဒယ်တာနှင့် အိုမီခရွန် ဗိုင်းရပ်နှစ်ခု ပေါင်းစပ်ရာမှ ထွက်ပေါ်လာသည့်   ဗိုင်းရပ်မျိုးကွဲသစ် တစ်ရပ်ဟုတ်မဟုတ်ကို   ပညာရှင်များနှင့် ကျွမ်းကျင်သူများက ဆက်လက်လေ့လာ သွားမည်ဖြစ်သည်။ အတိအကျဖော်ထုတ်ခြင်း မပြုနိုင်မီ အချိန်အထိ အငြင်းပွားဖွယ် ကိစ္စရပ်တစ်ခုအဖြစ်   ဆက်လက် တည်ရှိနေမည်ဖြစ်သည်။

သို့ရာတွင် နိုင်ငံအများအပြား အတွက် ထွက်ပေါ်လာသည့် သတင်းကောင်းတစ်ခုမှာ ဒယ်တာခရွန်ဗိုင်းရပ်သည်  ထင်သလောက် စိုးရိမ်ဖွယ်မရှိဟူသော အချက်ပင်ဖြစ်သည်။