အစ္စရေးပြည်သူ  ၄ဝ ရာခိုင်နှုန်းနီးပါး ကိုဗစ်-၁၉ ရောဂါကူးစက် ခံရဖွယ်ရှိဟု ဝန်ကြီးချုပ်ပြော

အစ္စရေးပြည်သူ  ၄ဝ ရာခိုင်နှုန်းနီးပါး ကိုဗစ်-၁၉ ရောဂါကူးစက် ခံရဖွယ်ရှိဟု ဝန်ကြီးချုပ်ပြော

အစ္စရေးနိုင်ငံတွင်  ယခုဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အတွင်း၌ နိုင်ငံတွင်းရှိ ပြည်သူ ၄ဝ ရာခိုင်နှုန်းနီးပါး ရောဂါပိုး ကူးစက်ခံရဖွယ်ရှိကြောင်း   ဝန်ကြီးချုပ် နက်တလီဘန်းနက်က ပြောသည်။

အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြသည့် အချက်အလက်များအရ နိုင်ငံအတွင်းရှိ  ပြည်သူနှစ်သန်းမှ လေးသန်းအထိ ရောဂါပိုး ကူးစက်ခံရနိုင်ကြောင်း   ဝန်ကြီးချုပ်ဘန်းနက်က    တွစ်တာဝက်ဆိုက်တွင်  ဇန်နဝါရီ ၉ ရက်က ရေးသားဖော်ပြခြင်း ဖြစ်သည်။

လူဦးရေ ၉ ဒသမ ၄ သန်းခန့်သာရှိသည့် အစ္စရေးနိုင်ငံသည်   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရောဂါပိုးကူးစက်မှုမှာ   ယခင်ကာလနှင့် နှိုင်းယှဉ်ပါက  လေးဆနီးပါး မြင့်တက်လာသည်။ နိုင်ငံအတွင်း၌ ဇန်နဝါရီ၈ ရက် တစ်ရက်တည်းမှာပင်  လူ ၁၇၅၁၈ ဦး ရောဂါပိုးထပ်မံ ကူးစက်ခံထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသည်။

အစ္စရေးနိုင်ငံတွင် ရောဂါပိုး ကူးစက်ခံရခြင်း  ရှိ၊ မရှိစစ်ဆေးသည့် စင်တာများ အလုံအလောက်မရှိခြင်းသည်   လက်ရှိဖြစ်ပွားနေသည့်   ရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်ရေး ကြိုးပမ်းမှုအတွက် ဖိအားများ ဖြစ်ပေါ်စေလျက်ရှိသောကြောင့်  အစိုးရအနေဖြင့် ရောဂါပိုး စစ်ဆေးရေးဆိုင်ရာ မူဝါဒကိုပြောင်းလဲ ပစ်ခဲ့ရကြောင်း သိရသည်။

ရောဂါပိုးကူးစက်မှုကြောင့် နိုင်ငံအတွင်း လော့ဒေါင်းချမှတ်ခြင်းကို ရှောင်ရှားနိုင်ရေး အတွက် အစိုးရက တတ်စွမ်းသမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဘန်းနက်က ဆက်ပြောသည်။

နိုင်ငံအတွင်း လော့ဒေါင်းများ ချမှတ်ခြင်းသည် ရောဂါပိုး ထိန်းချုပ်ရာတွင် ထိရောက်မှုမရှိသည့်အပြင် နိုင်ငံ့စီးပွားရေး အတွက်ထိုးနှက်ချက် တစ်ရပ်အဖြစ် ထွက်ပေါ်လာစေခဲ့သည်ဟု အစိုးရက ရှုမြင်နေသည်။

ထို့ကြောင့် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရာတွင် နိုင်ငံ့စီးပွားရေးကို မထိခိုက်စေဘဲ ရောဂါပိုးကူးစက်ခံရမည့် အလားအလာရှိသူများအား အကာအကွယ်ပေးရန် အစိုးရကစီစဉ်ထားကြောင်း သိရသည်။