မှန်ကန်သော အမျိုးသားနိုင်ငံရေး အသိအမြင်ရှိစေချင်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့ အတူတကွ မှီတင်းနေထိုင်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၂ သန်းကျော်ရှိသည်။

နိုင်ငံအကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် ကျယ်ဝန်းသည်။ သုတေသီများ ရှာဖွေတွေ့ရှိသော ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများအရ ဤနိုင်ငံမြေပေါ်တွင် လူမျိုးနွယ်တို့  နေထိုင်မှုသက်တမ်းသည်  နှစ်သန်းပေါင်း ၄၀ ကျော်ရှိသည်ဟု  အခိုင်အမာ လက်ခံထားကြသည်။

ကျောက်ခေတ်ကတည်းက ဤမြေပေါ်၌ မြန်မာလူသားများ ပေါက်ဖွားနေထိုင်ခဲ့သော အထောက်အထားများလည်း အခိုင်အမာတွေ့ရှိပြီး ဖြစ်ကြောင်း အမျိုးသားနိုင်ငံရေး အမြင်မှန် လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။

မြန်မာသမိုင်းရာဇဝင်ကို ကိုယ်လိုရာ ပုံဖော်ရေးခဲ့သော အနောက်နိုင်ငံပညာရှင်အချို့က မြန်မာအစ ကျောက်ဆည်က ဟု ရေးခဲ့သည်။ အမှန်တကယ်တော့တကောင်းအဘိရာဇာ၊ တို့မြန်မာ သာကီမျိုးဟာမို့ဟု စာဖွဲ့ခဲ့ရသော တကောင်းမှစ၍ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ကုန်းဘောင် စသည့်ခေတ်စဉ်များတစ်လျှောက် မြန်မာတို့သည် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် ခံ့ညားထည်ဝါစွာ နေထိုင်ခဲ့ကြသည်။ ထိုခေတ်များတစ်လျှောက်လုံး မြန်မာတို့၏ စာပေ၊ ယဉ်ကျေးမှု၊ တေးဂီတ၊သဘင်၊ ပန်းချီ၊ ပန်းပု စသည့်ရိုးရာပန်းပညာရပ်များ၊ ဗိသုကာလက်ရာများ တိုးတက်စည်ပင်၍ အခိုင်အမာထွန်းကားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားတို့၏ သွေးအသက်ဖြစ်သည်။ အမျိုးသားရေး အသိအမြင်များ မှန်ကန်ရေး၊ နိုးကြားရှင်သန်ရေး၊ နိုးကြားရှင်သန်နေသော အသိအမြင်များ ခိုင်မာမြဲမြံနေရေး တို့အတွက် အစဉ်အမြဲ ဆောင်ရွက်နေရန်မှာ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားသည့် နိုင်ငံသူ၊ နိုင်ငံသားတိုင်း၏ အမျိုးသားရေးလုပ်ငန်းတာဝန်ကြီး ဖြစ်ပေသည်။ နိုင်ငံဟု ဆိုရာတွင် နယ်နိမိတ် သတ်မှတ်ထားသော ပိုင်နက်နယ်မြေနှင့် ထိုနိုင်ငံပေါ်တွင် မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများဟူ၍ ရှိကြသည်။

ပိုင်နက်နယ်မြေသည် ပထဝီမြေပိုင်နက် ကန့်သတ်ထားသောနယ်နိမိတ်အတွင်း၌ အစဉ်အမြဲ တည်ရှိနေမည် ဖြစ်သော်လည်း ထိုပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတို့ကမူ သက်တမ်းအုပ်စုအလိုက် အမြဲရွေ့လျား စီးဆင်းဖြစ်ပေါ် တိုးတက်နေကြသည်။ တစ်နည်းအားဖြင့် သက်တမ်းအုပ်စုအလိုက် မျိုးဆက်သစ်များအဖြစ် ဆက်ကာဆက်ကာဖြစ်ထွန်းနေကြသည်၊ ချီတက်နေကြသည်၊ တိုးပွားနေကြသည်မှာ သဘာဝတရားဖြစ်သည်။ အသက်အုပ်စုအလိုက် ရွေ့လျားပြောင်းလဲဖြစ်ပေါ်မှုဖြစ်စဉ် နှင့်အတူ အနာဂတ်မျိုးဆက်သစ်များအား မှန်ကန်သော အမျိုးသားနိုင်ငံရေး အသိအမြင်များကို လက်ဆင့်ကမ်း ပေးကြရမည် ဖြစ်ပေသည်။

အဓိကအားဖြင့် ညွှန်းဆိုရသော် နိုင်ငံသားတိုင်း၏ ပင်မတာဝန်သည် မည်သည့်အစိုးရလက်ထက်၊ မည်သည့်အယူ၊ မည်သည့်ဝါဒကို ကျင့်သုံးသည်ဖြစ်စေ၊ ပိုင်နက်အမိမြေကို ဆုံးပါးယုတ်လျော့မှု မရှိစေရေး ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ဤအရေးထက်ပို၍ အရေးကြီးသော အရာသည် မရှိပါ။ နိုင်ငံသားတိုင်း၏ ပင်မတာဝန်ကို ပြန်ဆန်းစစ်သော် ပထမအချက်အနေဖြင့် နိုင်ငံတော်၏ ပိုင်နက်နယ်မြေ မိမိတို့လက်ထက်တွင် တစ်လက်မမျှ မဆုံးရှုံးရေး၊ မဆုံးရှုံးအောင် ကာကွယ်စောင့်ရှောက်ရေးဖြစ်သည်။ ဒုတိယအချက်မှာ မိမိတို့ပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များ၊ တောတောင်ရေမြေ၊ မြေပေါ်မြေအောက်သယံဇာတ အရင်းအမြစ်ပစ္စည်းများ မဆုံးရှုံးရေးဖြစ်သည်။ တတိယအချက်မှာ မိမိပိုင်ဆိုင်ထားသည့် ယဉ်ကျေးမှု အမွေအနှစ်များ၊ နှစ်ပေါင်းများစွာ လူ့သက်တမ်းအလိုက် အစဉ်အဆက်တည်ရှိနေသည့် အမျိုးသားယဉ်ကျေးမှု အဆောက်အအုံများ ဆက်လက်တည်တံ့နေရေးတို့ ဖြစ်ပေသည်။

ယနေ့တိုင် ဗုဒ္ဓဘာသာဝင်တို့အမြတ်တနိုးဖူးတွေ့နေရသည့် ရွှေတိဂုံစေတီတော်ကြီးမှာ ရှေးဘိုးဘေးဘီဘင်များ တည်ဆောက်ထိန်းသိမ်း လာခဲ့၍ ယနေ့တိုင် ဖူးတွေ့နိုင်ခြင်း ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များသည် ရှေးနှစ်ပေါင်းမြောက်မြားစွာ ကတည်းကပင် ခေတ်အဆက်ဆက် ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြစ်တည်နိုင်ရန် ဘိုးဘွားတို့ ကာကွယ်တည်ဆောက်ခဲ့ကြရသည်။ နိုင်ငံသားတို့၏ ပင်မတာဝန်များကို ကျေပွန်ခဲ့ကြသည်။ ယနေ့နိုင်ငံသားတိုင်းတွင် မှန်ကန်သော အမျိုးသားရေး အမြင်ရှိကြရပေမည်။ မှန်ကန်သော အမြင်ရှိနေမှလည်း မြန်မာနိုင်ငံသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။