ကိုဗစ်-၁၉ ရောဂါကို တုပ်ကွေးရောဂါကဲ့သို့ ကုသနေမှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ကိုဗစ်-၁၉ ရောဂါကို တုပ်ကွေးရောဂါကဲ့သို့ ကုသနေမှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါထက် ပုံမှန်ဖြစ်ပွားလေ့ရှိသော တုပ်ကွေးရောဂါကဲ့သို့ မှတ်ယူကုသနေမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဇန်နဝါရီ ၁၁ ရက်တွင် သတိပေးထားသည်။

ထို့ပြင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုသည်လည်း တည်ငြိမ်မှုမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကပြောသည်။

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ၏ ပြင်းထန်မှု ကျဆင်းလာသည့်အတွက် ထိုရောဂါကို တုပ်ကွေးရောဂါကဲ့သို့ သတ်မှတ် ကိုင်တွယ်ထိန်းချုပ်သည့် နည်းလမ်းကို အသုံးပြုသင့်ပြီဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က ဇန်နဝါရီ ၁ဝ ရက်တွင်ပြောသည်။

၎င်း၏ပြောဆိုမှုသည် အဆိုပါ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါ အစား ဒေသတွင်းဖြစ်ပွားသော ကပ်ရောဂါအဖြစ် သတ်မှတ်ရန် ရည်ညွှန်းနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယူဆထားသည်။

လက်ရှိအချိန်တွင် ရောဂါပိုးနှင့် ပတ်သက်၍ မသေချာမရေရာမှုများစွာ ကျန်ရှိနေသေးကြောင်း၊ ရောဂါပိုးသည် အချိန်တိုအတွင်း ဆင့်ကဲ ပြောင်းလဲနေသည့် အတွက် စိန်ခေါ်မှုအသစ်များကို ဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် လက်ရှိ အခြေအနေသည် ကမ္ဘာ့ကပ်ရောဂါကို ဒေသတွင်း ကပ်ရောဂါအဖြစ် ခေါ်ဆိုနိုင်သည့် အခြေအနေရောက်ပြီဟု မသတ်မှတ်နိုင်သေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောထားသည်ဟု သိရသည်။