ယူကရိန်းအရေး တင်းမာမှုများ ရှိသေးသော်လည်း NATO  နှင့် ရုရှားတို့ နောက်ထပ် ဆွေးနွေးပွဲများ ကျင်းပမည်

ယူကရိန်းအရေး တင်းမာမှုများ ရှိသေးသော်လည်း NATO  နှင့် ရုရှားတို့ နောက်ထပ် ဆွေးနွေးပွဲများ ကျင်းပမည်

ယူကရိန်းအရေးနှင့် ပတ်သက်၍ တင်းမာမှုများ ရှိသေးသော်လည်း   NATO နှင့် ရုရှားတို့အနေဖြင့်   နောက်ထပ်ဆွေးနွေးပွဲများကို  ကျင်းပမည်ဖြစ်ကြောင်း NATO တပ်ဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ ကပြောသည်။

နှစ်ဖက်စလုံးအနေဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟူသော အချက်ကိုပြောဆိုပြီး  အနာဂတ် ဆွေးနွေးမှုများအတွက် အချိန်သတ်မှတ်ချက်များကို ချမှတ်ကြောင်း NATO-ရုရှားကောင်စီ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ပြီးနောက် ဂျန်စတိုတန်ဘာ့က ဇန်နဝါရီ ၁၂ ရက်တွင် ပြောခြင်းဖြစ်သည်။

ယူကရိန်းအရေး ကိစ္စနှင့်ပတ်သက်၍ NATOတပ်ဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား ကြီးမားသည့် မတူကွဲပြားမှုများ ရှိနေကြောင်း ၎င်းကသတင်းထောက်များကို ပြောသည်။

ထို့ပြင် ယူကရိန်းနိုင်ငံ အနေဖြင့် ကိုယ်ပိုင်အနာဂတ်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ NATO တပ်ဖွဲ့သည် အဖွဲ့ဝင် အသစ်များအတွက် တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း ဂျန်စတိုတန်ဘာ့က ဆက်ပြောသည်။

ယခုကဲ့သို့ NATO-ရုရှား ကောင်စီအနေဖြင့် အစည်းအဝေး ကျင်းပခြင်းသည် နှစ်နှစ်ကျော် ကာလအတွင်း ပထမဆုံး အကြိမ်ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ ရုရှားနိုင်ငံမှ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး အလက်ဇန်းဒါးဂရုရှကိုနှင့်  ဒုတိယ ကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင်တို့ တက်ရောက်ကြောင်း သိရသည်။