ထိုင်းအစိုးရက တိုက်လေယာဉ်လေးစင်း ထပ်ဝယ်ရန် အသုံးစရိတ် ခွင့်ပြုပေး

ထိုင်းအစိုးရက တိုက်လေယာဉ်လေးစင်း ထပ်ဝယ်ရန် အသုံးစရိတ် ခွင့်ပြုပေး

ထိုင်းအစိုးရက လေတပ်အတွက် တိုက်လေယာဉ်လေးစင်း ထပ်ဝယ်ရန် အသုံးစရိတ်ကို ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇန်နဝါရီ ၁၂ ရက်တွင်ပြောသည်။

အဆိုပါ တိုက်လေယာဉ်လေးစင်း ဝယ်ယူမှုအတွက် အသုံးစရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၄၁၃ ဒသမ ၆၇ သန်းနှင့် ညီမျှသည့် ထိုင်းဘတ်ငွေ ၁၈ ဒသမ ၈ ဘီလီယံ ခွဲဝေ သတ်မှတ်ပေးထားသည်။

ထိုင်းလေတပ် ဦးစီးချုပ်က လော့ဟိမာတင် ကုမ္ပဏီထုတ် F-35 တိုက်လေယာဉ် ရှစ်စင်းဝယ်ယူရန် စိတ်ဝင်စားသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် အစိုးရက ယခုကဲ့သို့ တိုက်လေယာဉ်လေးစင်း ဝယ်ယူမှုအတွက် အသုံးစရိတ်ကို ခွင့်ပြုပေးခြင်းဖြစ်သည်။

သို့သော် ယခုဝယ်ယူမည့် တိုက်လေယာဉ် လေးစင်းအတွက် မည်သည့်အမျိုးအစား ဝယ်ယူမည်ကို ကော်မတီနှစ်ရပ်က လေ့လာဆန်းစစ် ဆုံးဖြတ်သွားမည်ဖြစ်သည်။

အစိုးရအနေဖြင့် ၂ဝ၂၃ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်၍ လေးနှစ်စာအတွက် တိုက်လေယာဉ်လေးစင်း ဝယ်ယူရန် ခွင့်ပြုပေးခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ သက်တမ်းရင့် F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုး သွားမည်ဖြစ်သည်။

လက်ရှိတွင် ထိုင်းလေတပ်က ဆွီဒင်နိုင်ငံထုတ် JAS-39 Gripen တိုက်လေယာဉ် ၁၂ စင်းနှင့် အမေရိကန်ထုတ် F-16 နှင့် F-5  တိုက်လေယာဉ် အများအပြားကို ပိုင်ဆိုင်ထားကာ အချို့မှာ ၁၉၈ဝ ပြည့်နှစ် ကာလများကတည်းက တပ်တော်ဝင်ထားခြင်း ဖြစ်ကြောင်း သိရသည်။