အသင်းလိုက်စုစည်းမှု ကောင်းခြင်းကြောင့် နိုင်ပွဲပြန်လည်ရရှိခြင်းဖြစ်ကြောင်း စစ်ကိုင်း ယူနိုက်တက် အသင်းခေါင်းဆောင်ပြော

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၇) တွင် စစ်ကိုင်းယူနိုက်တက် အသင်းသည် ဆောက်သမ်း မြန်မာအသင်းကို အနိုင်ရပြီး ပြန်လည်ကျင်းပသည့် လိဂ်ပွဲစဉ် ခုနစ်ပွဲအနက် ပထမဆုံး နိုင်ပွဲပြန်လည်ရရှိခဲ့သည်။

စက်တင်ဘာ ၂၀ ရက် YUSC မြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲစဉ်တွင် စစ်ကိုင်းယူနိုက် တက်အသင်းက ဆောက်သမ်းမြန်မာအသင်းကို ခြေစွမ်းအသာဖြင့် ကစားပြီး ၄ ဂိုး- ဂိုး မရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ယင်းပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးလေးဂိုးစလုံးကို တိုက်စစ်မှူး ပက်ထရစ်တစ်ဦးတည်းက သွင်းယူခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲတွင် စစ်ကိုင်းယူနိုက်တက် အသင်းအနေဖြင့် အသင်းလိုက်စုစည်းမှု ကောင်းမွန်သဖြင့်  နိုင်ပွဲပြန်လည်ရယူနိုင်ခြင်းဖြစ်ကြောင်း အသင်းခေါင်းဆောင် တိုးဆက်နိုင်ကပြောသည်။

“အသင်းအနေနဲ့ ပြန်လည်ကျင်းပတဲ့ လိဂ်ပွဲတွေမှာ ပထမဆုံးနိုင်ပွဲပြန်ရတဲ့အတွက် ဝမ်းသာ ပါတယ်။ ဆောက်သမ်းမြန်မာ အသင်းကလည်း အသင်းကောင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ခက်ခက်ခဲခဲကစားပြီး နိုင်ခဲ့တာပါ။ အသင်းက ကစားသမားနဲ့ နည်းပြအားလုံး အသင်းလိုက် စုစည်းမှု ကောင်းမွန်လို့ နိုင်ပွဲပြန်လည်ရရှိတာဖြစ်ပါတယ်။ အသင်းက နိုင်ပွဲပြန်ရပေမယ့် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေရဖို့ အကောင်းဆုံးကြိုးစား သွားမှာပါ” ဟု တိုးဆက်နိုင်က ပြောသည်။

စစ်ကိုင်းယူနိုက်တက်အသင်းသည် ပွဲစဉ် (၁၇) အပြီးတွင် ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေး ဇယားအဆင့် (၇) နေရာ၌ ရပ်တည်နေကြောင်း သိရသည်။           

ကိုရဲ