နျူကလီးယားဖျက်သိမ်းရေး ကြိုးပမ်းမှုနှင့် အလှမ်းဝေးကွာစေမည့် အမေရိကန်၏ ပိတ်ဆို့မှုချမှတ်ရေး မူဝါဒ

နျူကလီးယားဖျက်သိမ်းရေး ကြိုးပမ်းမှုနှင့် အလှမ်းဝေးကွာစေမည့် အမေရိကန်၏ ပိတ်ဆို့မှုချမှတ်ရေး မူဝါဒ

မြောက်ကိုရီးယားနိုင်ငံသည်   အမေရိကန်၏ ပြစ်တင်ဝေဖန်မှုကို တုံ့ပြန်သည့်အနေဖြင့် တာတိုပစ်ဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်ခတ်လိုက်သည်။ မြောက်ကိုရီးယားသည် အဆိုပါ ဒုံးကျည်များကို ဇန်နဝါရီ ၁၄ ရက်က ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး    ယင်းပစ်ခတ်စမ်းသပ်မှုသည် နှစ်ပတ်အတွင်း တတိယ အကြိမ်မြောက် ပစ်ခတ်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်သည့် ဒုံးကျည်စမ်းသပ်မှုများကြောင့် ယင်း နိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် အမေရိကန်က တောင်းဆိုပြီးနောက် မြောက် ကိုရီးယားအစိုးရက ဒုံးကျည်ပစ်ခတ်မှုကို ထပ်မံ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်သည့် ဒုံးကျည်ပစ်ခတ်မှုကို အမေရိကန်နှင့် အိမ်နီးချင်း တောင်ကိုရီးယားတို့က သတိထားမိပြီး အနီးကပ်စောင့်ကြည့်နေသည်။  အထူးသဖြင့်  အဆိုပါဒုံးကျည် ပစ်ခတ်မှုကြောင့် ဒေသတွင်းရှိ အမေရိကန် စစ်သည်များ၊ မဟာမိတ်နိုင်ငံများအပေါ် ခြိမ်းခြောက်မှုရှိ၊မရှိကို အမေရိကန်က အကဲဖြတ် သုံးသပ်ခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားက  ယခုအကြိမ်   ထပ်မံလုပ်ဆောင်သည့် ဒုံးကျည်ပစ်ခတ်မှုသည် ယင်းနိုင်ငံ၏ တရားမဝင် လက်နက်အစီအစဉ်၏ တည်ငြိမ်မှု ပျက်ပြားစေရေး သက်ရောက်မှုကို မီးမောင်းထိုးပြလျက်ရှိသည်ဟု အမေရိကန်တို့က ယူဆထားသည်။

ထို့ကြောင့်   အမေရိကန်အနေဖြင့် ဒေသတွင်း မဟာမိတ်နိုင်ငံများ ဖြစ်သည့် တောင်ကိုရီးယား၊  ဂျပန်တို့ကို  အကာအကွယ်ပေးမည်ဖြစ်ကြောင်း ထပ်မံကတိပြု ပြောဆိုခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့သော  ဒုံးကျည်ပစ်ခတ်မှု ကို  တုံ့ပြန်သည့် အနေဖြင့်  အမေရိကန်သည် ဥရောပအင်အားကြီး မဟာမိတ်နိုင်ငံ များဖြစ်သည့် ပြင်သစ်၊ ဗြိတိန် အပါအဝင် အိုင်ယာလန်၊ အယ်လ်ဘေးနီးယားတို့နှင့် ပူးပေါင်း၍ ပူးတွဲထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည့်အပြင် မြောက်ကိုရီးယား အနေဖြင့်   တည်ငြိမ်မှု ပျက်ပြားစေမည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်း မပြုရန်၊ တားမြစ်ထားသည့် ဖျက်အားပြင်း လက်နက်နှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကို စွန့်လွှတ်ရန် တောင်းဆိုထားသည်။

ထို့ပြင် နျူကလီးယား ဖျက်သိမ်းရေးကို အပြည့်အဝ လုပ်ဆောင်နိုင်ရေးအတွက် အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်လာရန်    အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက   တိုက်တွန်းထားသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်အစီအစဉ်အတွက် လိုအပ်သည့် နည်းပညာနှင့်  ပစ္စည်းကိရိယာများ ဝယ်ယူရေးတွင် ပါဝင်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံသား ငါးဦးအပေါ် အမေရိကန်အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပိတ်ဆို့မှုများ ချမှတ် ပြီးနောက်ပိုင်းတွင်  မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှု ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန် အနေဖြင့် သံတမန်ရေးအရ  ဆွေးနွေးမှုများတွင်  ပြန်လည် ပါဝင်လာစေရန်    မြောက်ကိုရီးယားကို တိုက်တွန်းထားသော်လည်း နိုင်ငံအပေါ်ပိတ်ဆို့မှုများ ထပ်မံချမှတ်ခြင်းသည် နိုင်ငံအပေါ် ရန်လိုသည့် သဘောထားကို ပြသနေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက တုံ့ပြန်ပြောကြားထားပြီး အမေရိကန် အနေဖြင့်  တခြားနိုင်ငံများကို  ဖိအားပေးရေးအတွက် ပိတ်ဆို့ရေး မူဝါဒကို ဆက် လက်အသုံးပြု လုပ်ဆောင်နေခြင်းကြောင့် ၎င်းတို့လိုလားနေသည့်   နျူကလီးယား ဖျက်သိမ်းရေး ကြိုးပမ်းမှုမှာ အလှမ်းဝေးကွာနေမည့် အလားအလာရှိကြောင်း    သိရ သည်။