ဗြိတိန်အတွက် အထူးအခွင့်အလမ်း တစ်ရပ်အဖြစ် ထွက်ပေါ်လာနိုင်သည့်ဗြိတိန်-အိန္ဒိယ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်

ဗြိတိန်အတွက် အထူးအခွင့်အလမ်း တစ်ရပ်အဖြစ် ထွက်ပေါ်လာနိုင်သည့်ဗြိတိန်-အိန္ဒိယ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်

ဗြိတိန်နှင့်အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံကြား  လွတ်လပ်စွာ ကုန်သွယ်ရေးသဘော တူညီချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက် တရားဝင် ဆွေးနွေးပွဲများကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျင်းပခဲ့သည်။

ကုန်သွယ်ရေး ဆွေးနွေးပွဲများကို အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲများ ကျင်းပရသည့် အဓိက ရည်ရွယ်ချက်မှာ နှစ်နိုင်ငံကြား ကုန်သွယ် မှုပြုလုပ်ရာတွင်   ကုန်ပစ္စည်းများ   ပိုမိုလွတ်လပ်စွာ စီးဆင်းစေရေးနှင့်  နှစ်နိုင်ငံ ကြား  ကုန်သွယ်မှုပမာဏ တိုးမြှင့်စေရေးတို့ အတွက်ပင်ဖြစ်သည်။

ဗြိတိန်နိုင်ငံအနေဖြင့် အိန္ဒိယနှင့် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ချမှတ် နိုင်ရေးသည် ဥရောပသမဂ္ဂအဖွဲ့မှ ဗြိတိန် နုတ်ထွက်ရန် ဆုံးဖြတ်ပြီးနောက်  အဓိကဦးစားပေး လုပ်ဆောင်ရန်    ကြိုးပမ်းနေသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

ထို့ပြင် ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ အဖွဲ့၏ ဘုံကုန်သွယ်ရေး သဘောတူညီချက် မှ ကင်းလွတ်ပြီဖြစ်သောကြောင့်  ဗြိတိန် အစိုးရအနေဖြင့်     ကမ္ဘာ့နိုင်ငံများကြား ရေပန်းစားလာသော အင်ဒို-ပစိဖိတ်ဒေသ တစ်ဝန်းရှိ စီးပွားရေး တိုးတက်လာသည့် နိုင်ငံများနှင့် ကုန်သွယ်ရေးအရ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်စေရန် မူဝါဒချမှတ်နိုင်ပြီဖြစ် သည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် အလျင်အမြန် တိုးတက်လာခြင်းကြောင့် ယင်းနိုင်ငံနှင့်  ကုန်သွယ်ရေး သဘောတူညီချက် ချမှတ်နိုင်ခြင်းမှာ  ဥရောပသမဂ္ဂမှ  နုတ် ထွက်ခဲ့သည့် ဗြိတိန်အတွက် အထူးအခွင့််အရေး တစ်ရပ်ဖြစ်သည့်အပြင် ဗြိတိန်စီးပွား ရေး လုပ်ငန်းများကိုလည်း တခြားနိုင်ငံများမှ စီးပွားရေး လုပ်ငန်းများထက် ပိုသာသည့် အခြေအနေသို့    ရောက်ရှိလာစေနိုင်ကြောင်း    ဗြိတိန်မူဝါဒ ချမှတ်သူများက ယူဆနေကြသည်။   ထို့ကြောင့်   ဗြိတိန်အနေဖြင့်   အိန္ဒိယနှင့်   ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်   ချမှတ်နိုင်ရေးအတွက်    ဦးစားပေး ကြိုးပမ်းနေခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။   

အကယ်၍ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် စပ်လျဉ်းပြီး သဘောတူညီချက် ချမှတ်နိုင်မည်ဆိုပါက ဗြိတိန်အနေဖြင့် ၎င်းတို့၏ကုန်ပစ္စည်းများကို နှစ်ဆတိုး၍ အိန္ဒိယသို့ တင်ပို့နိုင်မည့်အပြင်   ၂ဝ၃၅  ခုနှစ်ခန့် တွင်  နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏ ကို စတာလင်ပေါင် ၂၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅ဝ ဒသမ ၇ ဘီလီယံကျော်)အထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။ ဗြိတိန်နှင့် အိန္ဒိယတို့၏   နှစ်နိုင်ငံကြားကုန်သွယ်မှု ပမာဏမှာ ၂ဝ၁၉ ခုနှစ် အတွင်းက စတာလင်ပေါင် ၂၃ ဘီလီယံရှိသည်။

အိန္ဒိယနိုင်ငံသည် ယခုအခါ စီးပွားရေး တိုးတက်လာသည်နှင့်အမျှ နိုင်ငံအတွင်းရှိ လူလတ်တန်းစားများသည် အရည်အသွေး အလွန်ကောင်းမွန်သည့် ဗြိတိန်နိုင်ငံထုတ် ကုန်ပစ္စည်းများကို မျက်စိကျလျက်ရှိသည်။

ထို့ပြင် ဗြိတိန်နှင့်အိန္ဒိယနိုင်ငံ တို့သည် ၎င်းတို့ကြား   ခိုင်မာသည့် ကုန်သွယ်ရေး တစ်ရပ်ကို  တည်ထောင်ထားသည့်အပြင် အိန္ဒိယပြည်သူ     တစ်သန်းကျော်သည် လက်ရှိတွင် ဗြိတိန်၌ နေထိုင်လျက်ရှိသည်။ အလားတူ အိန္ဒိယအနေဖြင့်လည်း ဗြိတိန် နှင့် မည်သည့်ကုန်သွယ်ရေး သဘောတူညီချက် တစ်ရပ်ကိုမဆို ချမှတ်နိုင်ခြင်းအားဖြင့် အိန္ဒိယပြည်သူများ ဗြိတိန်သို့ သွားရောက် နေထိုင်၍     အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဟု  အိန္ဒိယအစိုးရက  မျှော်လင့်နေသည်။

အိန္ဒိယအစိုးရသည်  အထူးသဖြင့်  နိုင်ငံအတွင်းရှိ  စီးပွားရေး လုပ်ငန်းရှင်များနှင့် ကျောင်းသားများ ဗြိတိန်နိုင်ငံ၌ နေထိုင်ခွင့် နှင့်  အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် တောင်းဆိုထားသည်။

အိန္ဒိယနိုင်ငံသည် ၂ဝ၅ဝ ပြည့်နှစ်တွင်     ကမ္ဘာ့တတိယအကြီးဆုံး     စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ်   တက်လှမ်းရန် မျှော်မှန်းထားခြင်းကြောင့်  ယင်းနိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်ပါက  ဗြိတိန်နိုင်ငံအနေဖြင့်   ၎င်းတို့၏ ကုန်ပစ္စည်းများကို  အခွန်သက်သာစွာ အိန္ဒိယဈေးကွက်အတွင်းသို့   ပိုမိုထိုးဖောက် ဝင်ရောက်စေနိုင်မည် ဖြစ်သည့်အပြင်  နှစ်နိုင်ငံကြား  ကုန်သွယ်ရာတွင်   လက်ရှိတွေ့ကြုံနေရသည့်   ကုန် သွယ်ရေးဆိုင်ရာ   အဟန့်အတားများကို ဖယ်ရှားလိုသည့်     ဗြိတိန်နိုင်ငံအတွက်  အောင်မြင်မှု တစ်ရပ်အဖြစ်  ထွက်ပေါ်လာ မည်ဖြစ်သည်။

ဗြိတိန်အနေဖြင့်   အိန္ဒိယနှင့်   ပြည့်ဝသည့်   ကုန်သွယ်ရေး သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်ရေးအတွက် နှစ်ပေါင်းများစွာ   ကြိုးပမ်းခဲ့သော်လည်း   လက်ရှိ အချိန်ထိ    ထူးထူးခြားခြား အောင်မြင်မှု မရှိသေးပေ။  ထို့ကြောင့် ဗြိတိန်နိုင်ငံက အိန္ဒိယနှင့်    လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ချမှတ်နိုင်မည်ဆိုပါက ဥရောပသမဂ္ဂကို ကျော်ဖြတ်၍ အိန္ဒိယနှင့် သဘောတူညီချက် ချမှတ်နိုင်သည့် ဥရောပ နိုင်ငံဖြစ်လာမည်ဖြစ်သည်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် စပ်လျဉ်း၍      ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ကြား ၂ဝ၂၁ ခုနှစ် မေလအတွင်းကလည်း အွန်လိုင်းမှ တစ်ဆင့်    ဆွေးနွေးပွဲများ ကျင်းပခဲ့ကာ သဘောတူညီချက် တစ်ရပ်ကို  ချမှတ်နိုင်ခဲ့ ပြီးဖြစ်သည်။

ဗြိတိန်-အိန္ဒိယ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်   ချမှတ်နိုင်ရေး ဆွေးနွေးပွဲများ၏ ရလဒ်သည်    မည်သို့ ထွက်လာမည်ကို အတိအကျ မသိရသေး သော်လည်း  စီးပွားရေးနှင့်  နည်းပညာ အလျင်အမြန် တိုးတက်လာပြီး     ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်လာနိုင်သည့် အိန္ဒိယနှင့် လွတ်လပ် စွာကုန်သွယ်ရေး သဘောတူညီချက် ချမှတ်နိုင်မည်ဆိုပါက     အင်ဒို-ပစိဖိတ်ဒေသအတွင်း စီးပွားရေး ချဲ့ထွင်ရန်ကြိုးပမ်းနေသည့်  ဗြိတိန်အတွက်  အခွင့်အလမ်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း     ရေးသား တင်ပြလိုက်ရပါသည်။