ရော်ဘာဈေးကောင်း ရရှိသဖြင့် ရော်ဘာစိုက်ပျိုးသူများနှင့် အလုပ်သမားများ အဆင်ပြေလျက်ရှိ

ရော်ဘာဈေးကောင်း ရရှိသဖြင့် ရော်ဘာစိုက်ပျိုးသူများနှင့် အလုပ်သမားများ အဆင်ပြေလျက်ရှိ

၂ဝ၂၁ ခုနှစ် ဆောင်းရာသီက ရော်ဘာ ဈေးကောင်းရရှိ၍ ရော်ဘာ စိုက်ပျိုးသူများနှင့်  အလုပ်သမားများ  အဆင်ပြေလျက်ရှိကြောင်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရော်ဘာစိုက်ပျိုးသူများ၏ ပြောကြားချက် အရ သိရသည်။

''ရော်ဘာတစ်ပေါင်ကို ငွေကျပ် ၉ဝဝ ကျော် ၁ဝဝဝ လောက် ပေါက်ဈေးရှိတယ်။   စိုက်တဲ့သူတွေရော    အငှားလိုက်ခြစ်နေတဲ့ သူတွေပါ အရင်ကထက်စာရင် အဆင်ပြေ တယ်။ အရင်နှစ်တွေတုန်းကဆိုရင် ရော်ဘာ တစ်ပေါင်ကို ငွေကျပ် ၆ဝဝ နဲ့ ၇ဝဝ ကြား လောက်ပဲရှိတယ်''ဟု ရော်ဘာအငှားခြစ် သူ ဦးလင်းဇော်ကပြောသည်။

ချောင်းဆုံမြို့နယ်မှထွက်ရှိသည့် ရော်ဘာပြားများကို ရန်ကုန်၊ မုဒုံ၊ သံဖြူဇရပ်၊ ကမာဝက်နှင့်   ကျိုက်မရောမြို့နယ်တို့ရှိ ရော်ဘာသန့်စက်ရုံများက အဓိကဝယ်ယူပြီး ယခင်နှစ်ကထက် ဈေးနှုန်းပိုမို ကောင်းမွန်ကြောင်း သိရသည်။

''ရော်ဘာခြစ်ပြီး   အစေးထွက်တာနဲ့ ရောင်းကုန်က  ရော်ဘာအရည်နဲ့ ရော်ဘာပြားဆိုပြီးနှစ်မျိုးရှိတယ်။  ခြံသမားတွေက ရော်ဘာပြား လုပ်ကြတာများတယ်''  ဟု ချောင်းဆုံမြို့နယ်ရှိ  တစ်နိုင်တစ်ပိုင် ရော်ဘာစိုက်ပျိုးသူ ဦးလေးမောင်က ပြောသည်။

ချောင်းဆုံမြို့နယ်၌ ရော်ဘာ အများဆုံး စိုက်ပျိုးပြီး  တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့်  ခြံရှင်များအနေဖြင့်  အပိုဝင်ငွေရရှိသည့်အပြင် ရော်ဘာခြစ် အလုပ်သမားများလည်း မိသားစု စားဝတ်နေရေး အဆင်ပြေကြောင်း သိရသည်။