ဖိလစ်ပိုင်က ဘလက်ဟော့ ရဟတ်ယာဉ်အသစ် ၃၂ စင်း ဝယ်ယူနေ

ဖိလစ်ပိုင်က ဘလက်ဟော့ ရဟတ်ယာဉ်အသစ် ၃၂ စင်း ဝယ်ယူနေ

ဖိလစ်ပိုင်စစ်ဘက် အနေဖြင့် ဘလက်ဟော့ ရဟတ်ယာဉ်အသစ် ၃၂ စင်းကို ဝယ်ယူနေကာ လက်ရှိရဟတ်ယာဉ် ၁၂ စင်းသာ ရှိသော ဘလက်ဟော့ လေယာဉ်အုပ်ကိုအားဖြည့်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပီဆို ၃၂ ဘီလီယံ ကုန်ကျမည့် လေယာဉ်မှူးများနှင့် ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ဝင်များအတွက် လေ့ကျင့်မှုနှင့် ထောက်ပံ့မှု စီမံကိန်းအရ အဆိုပါရဟတ်ယာဉ် အသစ် ၃၂ စင်းကို ဝယ်ယူခြင်းဖြစ်ကြောင်း ဝန်ကြီး ဒဲဖင်လိုရန်ဇာနာကပြောသည်။

ယခုအခါ ရဟတ်ယာဉ်များ ဝယ်ယူမှုအတွက် စာချုပ်မူကြမ်း ရေးဆွဲပြီးဖြစ်ကာ ပထမဆုံးသော အသုတ်အဖြစ် ရဟတ်ယာဉ် ငါးစင်းကို ၂ဝ၂၃ ခုနှစ်တွင်  လက်ခံရရှိမည်ဟုခန့်မှန်းရကြောင်း    ၎င်းက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ကျန်ရှိသော ရဟတ်ယာဉ်များကို သုံးသုတ်ခွဲ၍ပို့မည်ဖြစ်ပြီး ၂ဝ၂၄ ခုနှစ်တွင် ၁ဝ စင်း၊ ၂ဝ၂၅ ခုနှစ်တွင် ၁ဝ စင်းနှင့် ၂ဝ၂၆ ခုနှစ်တွင် ခုနစ်စင်း ရရှိမည်ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရ အနေဖြင့် နိုင်ငံအတွင်း ရိုင်းမုန်တိုင်း တိုက်ခတ်မှုပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် ဝေဖန်ခံနေရသည်။အထူးသဖြင့် နိုင်ငံအတွင်း အသုံးပြုနေသည့် ဟွေးအမျိုးအစား ရဟတ်ယာဉ်များသည် သက်တမ်းကြာမြင့်ပြီဖြစ်ကာ ပြုပြင်ထိန်းသိမ်းရန်လည်း တွက်ခြေ မကိုက်တော့သောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ကာကွယ်ရေးဝန်ကြီးကပြောသည်။

ပြီးခဲ့သည့်နှစ်တွင်     ဖိလစ်ပိုင်နိုင်ငံ အတွက် ၁၅ လုံးမြောက်နှင့်  လူသေဆုံးမှု အများဆုံးဖြစ်စေသော    ရိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၄ဝဝ ကျော် သေဆုံးကာ နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့၌ ကြီးစွာသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားကြောင်း သိရသည်။