မဟာအင်အားကြီးနိုင်ငံများ ထိပ်တိုက်တွေ့မှုက ကမ္ဘာပျက်စေသည့် အကျိုးဆက်ကို ထွက်ပေါ်စေနိုင်ဟု တရုတ်သတိပေး

မဟာအင်အားကြီးနိုင်ငံများ ထိပ်တိုက်တွေ့မှုက ကမ္ဘာပျက်စေသည့် အကျိုးဆက်ကို ထွက်ပေါ်စေနိုင်ဟု တရုတ်သတိပေး

ကမ္ဘာပေါ်ရှိ မဟာအင်အားကြီး နိုင်ငံများအကြား   ထိပ်တိုက်တွေ့ဆုံမှုသည် ကမ္ဘာပျက်စေသည်အထိ ဖြစ်ပေါ်စေသော အကျိုးဆက်ကို ထွက်ပေါ်စေနိုင်သည်ဟု တရုတ်သမ္မတ  ရှီကျင့်ဖျင်က  ဇန်နဝါရီ ၁၇ ရက်တွင် သတိပေးသည်။

ရှီကျင့်ဖျင်သည်  ဆွစ်ဇာလန်နိုင်ငံက လက်ခံကျင်းပသော    ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖြစ်သည့်   ဒါဗို့ဖိုရမ်၌ အွန်လိုင်းမှ တစ်ဆင့်တက်ရောက် ဆွေးနွေးစဉ် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို   အစောဆုံး ရင်ဆိုင် ခံစားရသော်လည်း ထိုကပ်ရောဂါကိုအောင် မြင်စွာ ထိန်းချုပ်နိုင်ပြီး ခိုင်မာသည့်တိုးတက်မှုကို ဆက်လက် အကောင်အထည် ဖော်နိုင်နေသော စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်ကြောင်း  ရှီကျင့်ဖျင်က အမွှမ်းတင်ပြောသည်။

လက်ရှိကမ္ဘာကြီးသည် တည်ငြိမ်အေးချမ်းမှုမှ ကင်းဝေးပြီး    အမုန်းတရားများနှင့် ထင်သလိုပြောဆိုမှုများကို ဖြစ်ပေါ်စေသည့် စကားသံများကသာ  ပေါများပြည့်လျှံနေကြောင်း ရှီကျင့်ဖျင်က ဆိုသည်။

အလားတူ ထိပ်တိုက် တွေ့ဆုံမှုသည် ပြဿနာများကို မဖြေရှင်းနိုင်သည်ကို သမိုင်းကြောင်းနှင့် အချိန်က သက်သေပြထားပြီးဖြစ်ကြောင်း၊ ထိုသို့ထိပ်တိုက် တွေ့ဆုံခြင်းသည် ကမ္ဘာပျက်စေသည့် နောက်ဆက်တွဲ ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ဆက်ပြောသည်။

ယင်းနောက် ကမ္ဘာကြီးသည် ရာစုနှစ် တစ်ခုအတွင်း   တစ်ကြိမ်သာဖြစ်ပွားသော ကပ်ရောဂါကို အလျှော့မပေးဘဲ တိုက်ဖျက်နေကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ယခင်ထက် ကူးစက်မြန်သော ဗီဇပြောင်း ရောဂါပိုး အသစ်များနှင့်အတူ နာတာရှည်ရောဂါ ဖြစ်နေပြီး   ကမ္ဘာ့စီးပွားရေးကို စိန်ခေါ်နေကြောင်း  ရှီကျင့်ဖျင်က  ပြောထားသည်ဟု သိရသည်။