ရေတပ်အင်အားကို အဆုံးအဖြတ်ပေးဖို့ရာ အဓိကကျလာတဲ့ လေယာဉ်တင် သင်္ဘောများ(၂)

ရေတပ်အင်အားကို အဆုံးအဖြတ်ပေးဖို့ရာ အဓိကကျလာတဲ့ လေယာဉ်တင် သင်္ဘောများ(၂)

ရုရှား

ကမ္ဘာပေါ်မှာ အကြီးဆုံးသော သမားရိုးကျစွမ်းအင် အသုံးပြု လေယာဉ်တင် သင်္ဘောကြီးကို ရုရှားနိုင်ငံက ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့နာမည်ကတော့ အက်ဒမီရယ်ကူဇနီယက်ဆော့ပါပဲ။

ဒီလို ကမ္ဘာ့အကြီးဆုံးသော လေယာဉ်တင် သင်္ဘောကြီးဟာ ရုရှားနိုင်ငံအတွက် တစ်စင်းတည်းသော လေယာဉ်တင် သင်္ဘောကြီးလည်း ဖြစ်နေပြန်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် စစ်အေးကာလတုန်းက ယူကရိန်းနိုင်ငံရှိ နီကိုလာယက် သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တဲ့ အဲဒီလေယာဉ်တင် သင်္ဘောကြီးဟာ အလေးချိန်အားဖြင့် တန် ၅၈ဝဝဝ ရှိကာ အလျားပေ ၁ဝဝဝ ရှည်လျားပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးချိန်မှာတော့ အဲဒီသင်္ဘောကြီးကို အသုံးပြုမှု နည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတဗလာဒီမာပူတင် လက်ထက်မှာ ကမ္ဘာ့စင်မြင့်ပေါ် ရုရှားနိုင်ငံပြန်လည် လှမ်းတက်မှု သင်္ကေတအဖြစ် လေယာဉ်တင် သင်္ဘောကြီးကို အသုံးပြုလာတာပါ။

အထူးသဖြင့် နိုင်ငံရဲ့အင်အားကို ထုတ်ဖော်ပြသဖို့အတွက် လေယာဉ်တင်သင်္ဘောကြီးကို အသုံးပြုခဲ့တဲ့အပြင် တိုက်ပွဲဝင်လုပ်ငန်းတ ွေဆောင်ရွက်နိုင်ဖို့အတွက်လည်း ဆီးရီးယားဆီ စေလွှတ်ခဲ့ပါသေးတယ်။

ပြောရမယ်ဆိုရင် ရုရှားရဲ့ လေယာဉ်တင် သင်္ဘောကြီးက သမားရိုးကျစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောတွေထဲမှာ စွမ်းဆောင်ရည်တော်တော် မြင့်မားတဲ့သင်္ဘောလို့ ဆိုနိုင်ပါတယ်။

သူ့အနေနဲ့  SU-33 Flanker-D နဲ့ MiG-29 တိုက်လေယာဉ် အစင်းပေါင်း ၂၄ စင်းအထိနဲ့ ရဟတ်ယာဉ် ခြောက်စင်းအထိကို တင်ဆောင်နိုင်ပါတယ်။

အခုအခါမှာတော့ ရုရှားနိုင်ငံဟာ သူတို့ရဲ့ တစ်စင်းတည်းသော လေယာဉ်တင်သင်္ဘောကြီးကို ဘက်စုံပြုပြင် မွမ်းမံမှုတွေ လုပ်နေတာဟာ မကြာခင် အချိန်အတွင်းမှာ ပြီးစီးတော့မှာပါ။

ဒီလိုပြီးစီးသွားပြီဆိုရင် ရေတပ်မှာ တာဝန်တွေပြန်လည် ထမ်းဆောင်သွားမှာဖြစ်ပြီး အဲဒီလို ထမ်းဆောင်နိုင်မယ့် အချိန်ကိုတော့ ၂ဝ၂၃ ခုနှစ်နှောင်းပိုင်းလို့ သတ်မှတ်ထားပါတယ်။

အိန္ဒိယ

အိန္ဒိယနိုင်ငံဟာ တစ်ခေတ်တစ်ခါတုန်းက လေယာဉ်တင် သင်္ဘောတွေကို နှစ်ပေါင်းများစွာကြာ အသုံးပြုခဲ့ဖူးတဲ့နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ တစ်စင်းတည်းသော လေယာဉ်တင်သင်္ဘောကို အသုံးပြုနေပါတယ်။ သူ့ရဲ့နာမည်က အိုင်အန်အက်(စ်)ဗစ်ခရမ်မာဒစ်တယာပါပဲ။

မူလက ဆိုဗီယက်ပြည်ထောင်စု အတွက် တည်ဆောက်ခဲ့တဲ့ ဗစ်ခရမ်မာဒစ်တယာဟာ နောက်ပိုင်းမှာ အိန္ဒိယရေတပ် အတွက်ဖြစ်လာကာ  ထောင့်ဖြတ်လေယာဉ်ပြေးလမ်းပါ လေယာဉ်တင်သင်္ဘောအဖြစ် ပြောင်းလဲပြီး လေယာဉ်ပင့်တင် ကိရိယာ၊ အဆင်း လေယာဉ်ပြန်ဖမ်း ကိရိယာတွေ တပ်ဆင်လိုက်တာဖြစ်ပါတယ်။

အရွယ်အစားနဲ့ အလေးချိန်အားဖြင့် တရုတ်နိုင်ငံက ပိုင်ဆိုင်ထားတဲ့ ရှန်းတုန်နဲ့ အတူတူပင်ဖြစ်ကာ ဝန်ပြည့် တင်ဆောင်အားက တန်ချိန် ၄၅ဝဝဝ ရှိပါတယ်။

လက်နက် တင်ဆောင်နိုင်မှုကတော့ MiG-29K ဘက်စုံသုံး တိုက်လေယာဉ် ၂၈ စင်းအပါအဝင် ကာမော့ ရဟတ်ယာဉ်များကိုလည်း တင်ဆောင်နိုင်ပြီး လေယာဉ်နဲ့ရဟတ်ယာဉ် စုစုပေါင်းအစင်း ၄ဝ အထိ တင်ဆောင်နိုင်တာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ အိန္ဒိယကနိုင်ငံအတွက် ဒုတိယလေယာဉ်တင် သင်္ဘောဖြစ်လာမယ့် ဗစ်ကရန့်ကို တည်ဆောက်နေတာ တော်တော်လေးကို ပြီးစီးနေပါပြီ။ ဒီနှစ်အတွင်းမှာ တပ်တော်သွင်းနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်။

ထူးခြားတာက ဗစ်ကရန့်ဟာ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းမှာ ပထမဆုံး တပ်ဆင်ထုတ်လုပ်တဲ့ လေယာဉ်တင် သင်္ဘောဖြစ်နေခြင်းပါပဲ။ သူ့ရဲ့ အရွယ်အစားကတော့ ဗစ်ခရမ်မာဒစ်တယာနဲ့ အတူတူလောက်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ တကယ်တမ်း အရေးကြုံလာရင် လေယာဉ်တင် သင်္ဘောနှစ်စင်းကို စစ်ဆင်ရေးမှာ  အသုံးပြုနိုင်တော့မှာဖြစ်ပြီး အနည်းဆုံးတော့ တစ်စင်းကို အသင့်အနေအထားနဲ့ ထားရှိကာ နောက်တစ်စင်းကိုတော့ ရေလုံလွန်းကျင်းမှာ ထားရှိနိုင်မှာဖြစ်ပါတယ်။

 ဂျပန်

ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်တင်သင်္ဘောကို  အသုံးပြုပြီး အောင်ပွဲတွေ ရရှိခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။

ဒါပေမဲ့ ကံကြမ္မာ အလှည့်အပြောင်းကြောင့် စစ်ရှုံးရချိန်မှာ လေယာဉ်တင်သင်္ဘောတွေကို တိုက်စစ် လက်နက်တွေအဖြစ် အသုံးပြုခွင့် တားမြစ်ခံခဲ့ရပါတယ်။

အခုတော့ နှစ်ပေါင်း ၈ဝ အတွင်းမှာ ပထမဆုံးအနေနဲ့ လေယာဉ်တင် သင်္ဘောတွေကို ပြန်လည် တည်ဆောက်လာတာ တွေ့ရပါတယ်။

ဂျပန်နိုင်ငံဟာ ၂ဝ၁၈ ခုနှစ်တုန်းက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ တရုတ်ရေတပ်နဲ့ ကိုယ်ပိုင်လေယာဉ်တင်သင်္ဘော တည်ဆောက်မှုတွေအပေါ် စိုးရိမ်မှုတွေမြင့်တက် လာတာကြောင့် သူတို့လက်ရှိ သုံးနေတဲ့ ရဟတ်ယာဉ်တင် သင်္ဘောတွေကို လေယာဉ်တင် သင်္ဘောတွေအဖြစ် ပြောင်းလဲမယ့် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ပါတယ်။ သူတို့ရဲ့ ရဟတ်ယာဉ်တင် သင်္ဘောတွေကတော့ အစ်ဇူမိုနဲ့ကာဂါတို့ဖြစ်ပြီး အဲဒီသင်္ဘောတွေကနေ F-35B ပူးတွဲ တိုက်ခိုက်ရေး လေယာဉ်တွေ အတက်အဆင်း လုပ်နိုင်စေဖို့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

အဲဒီလိုပြောင်းလဲမှု လုပ်ငန်းစဉ်မှာ လေကြောင်းအချက်ပြမီးတွေ ပါဝင်တဲ့ လေယာဉ်ပြေးလမ်းများ တပ်ဆင်ခြင်း၊ လေယာဉ်ပြေးလမ်း နောက်ပိုင်းကို လေးထောင့်ပုံစံပြုလုပ်ခြင်း၊ လေယာဉ်အတွက် ခဲယမ်းသိုလှောင်ရာနေရာများ၊ ဆီဂိုဒေါင်များနဲ့ ပြုပြင်ထိန်းသိမ်းရေး နေရာများ ထည့်သွင်းခြင်း၊ လေယာဉ်ပြေးလမ်းကို အပူဒဏ်ခံ အပေါ်ယံလွှာ ထပ်လောင်းခြင်း လုပ်ငန်းတို့ပါဝင်ပါတယ်။

လေယာဉ်ပြေးလမ်းကို အပူဒဏ်ခံအပေါ်ယံလွှာ ထပ်လောင်းရတဲ့ ရည်ရွယ်ချက်က F-35B တိုက်လေယာဉ်ဟာ ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်တာကြောင့် ဆင်းသက်ချိန်မှာ နော်ဇယ်ကထုတ်တဲ့ အပူကိုခံနိုင်ရည် ရှိအောင်ဖြစ်ပါတယ်။ အဲဒီလေယာဉ်တင် သင်္ဘောနှစ်စင်းစလုံးဟာ တစ်စင်းကို တိုက်လေယာဉ် ၁၂ စင်းခန့်နဲ့ အလွန်ဆုံး တိုက်လေယာဉ် ၁၆ စင်းအထိ တင်ဆောင်နိုင်မှာဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ် အောက်တိုဘာလတုန်းက အမေရိကန်မရိန်း တပ်ဖွဲ့မှ F-35B တိုက်လေယာဉ် တစ်စင်းဟာ တစ်စိတ်တစ်ပိုင်း ပြောင်းလဲပြီးဖြစ်တဲ့ အစ်ဇူမိုပေါ်ကို ဆင်းသက်လာနိုင်တာ တွေ့ရပါတယ်။

ဂျပန်အစိုးရအနေနဲ့ F-35B တိုက်လေယာဉ် ၄၂ စင်းအထိ ဝယ်ယူဖို့စီစဉ်ထားပြီး သူတို့ကို လေယာဉ်တင်သင်္ဘောတွေနဲ့ ကျွန်းငယ်လေးတွေပေါ်ကနေ ပျံသန်းစေကာ စစ်ဆင်ရေး ဆောင်ရွက်သွားနိုင်ဖွယ် ရှိပါတယ်။

 ထိုင်း

ထိုင်းနိုင်ငံကလည်း လေယာဉ်တင် သင်္ဘောတစ်စင်းကို ပိုင်ဆိုင်ထားပါတယ်။ ထိုင်းနိုင်ငံက ပိုင်ဆိုင်တဲ့ လေယာဉ်တင် သင်္ဘောဟာ အရှေ့တောင်အာရှဒေသမှာ ပထမဆုံးနဲ့ တစ်စင်းတည်းသော လေယာဉ်တင် သင်္ဘောပါ။

အဲဒီလေယာဉ်တင် သင်္ဘောရဲ့နာမည်က ချက်ကရီနာရူဘက်ဖြစ်ပါတယ်။ ချက်ကရီနာရူဘက်ဟာ အရှေ့တောင်အာရှ အတွက် တစ်စင်းတည်းသော လေယာဉ်တင် သင်္ဘောသာမက ကမ္ဘာ့အသေးဆုံးသော လေယာဉ်တင်သင်္ဘောလို့ ဆိုရင် လည်း မမှားပါဘူး။

စပိန်နိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ ချက်ကရီနာရူဘက်ဟာ တန်ချိန် ၁၁ဝဝဝ နဲ့ အလျား ၅၉၉ ပေသာ ရှိပါတယ်။ ၁၉၉၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ အဲဒီလေယာဉ်တင် သင်္ဘောဟာ AV-8S Harrier တိုက်လေယာဉ် ခြောက်စင်းနဲ့ SH-60 Seahawk ရဟတ်ယာဉ်ခြောက်စင်းတို့ကို တင်ဆောင်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၁ဝ စုနှစ် နှစ်ခုအတွင်းမှာတော့ ချက်ကရီနာရူဘက်ဟာ လျစ်လျူရှုခံခဲ့ရပြီး အသုံးပြုခံရခြင်း မရှိသလောက် နီးပါးဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် အဲဒီလေယာဉ်တင် သင်္ဘောမှာ အသုံးပြုတဲ့ တိုက်လေယာဉ် ခြောက်စင်းကလည်း အပိုပစ္စည်း ရှားပါးမှုကြောင့် အခုဆိုရင် အသုံးမပြုတော့ဘဲ အနားပေးလိုက်ပါပြီ။

လက်ရှိအချိန်မှာတော့ ထိုင်းရေတပ်ဟာ နောက်ထပ်လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်ဖို့ ဒါမှမဟုတ် ဝယ်ယူဖို့ အစီအစဉ် မရှိသေးပါဘူး။