ရန်ကုန်မြို့ ဗဟိုစံပြငါးဈေးသို့ နေ့စဉ် ငါးပိဿာချိန် နှစ်သိန်းခွဲခန့် ဝင်ရောက်လျက်ရှိ

ရန်ကုန်မြို့ ဗဟိုစံပြငါးဈေးသို့ နေ့စဉ် ငါးပိဿာချိန် နှစ်သိန်းခွဲခန့် ဝင်ရောက်လျက်ရှိ

ရန်ကုန်မြို့  ဗဟိုစံပြငါးဈေးသို့ နေ့စဉ် ငါးပိဿာချိန် နှစ်သိန်းခွဲခန့်   ဝင်ရောက်လျက် ရှိကြောင်း ဗဟိုစံပြငါးဈေးမှ ငါးဒိုင်လုပ်ငန်းရှင် တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

''ဗဟိုစံပြငါးဈေးကို လောလောဆယ် ရေထွက်ကုန်ကား အစီးရေ ၂ဝ လောက်နဲ့ ပိဿာချိန် နှစ်သိန်းခွဲလောက် ဝင်တယ်။ ငါး မြစ်ချင်း၊ ငါးတန်၊ ငါးမုတ်နဲ့ ပုစွန်တွေဝင်နေတာပါ။ အဲဒီထဲမှာ ငါးမြစ်ချင်းကတော့ အဝင်နည်းတယ်။ အရင်ထက်တော့ အနည်းငယ်လျော့သွားတယ်။ အရင်က ပိဿာချိန် ငါးသိန်းကနေ ၁ဝ သိန်းကြားဝင်တယ်။

အခုက ရွှေပိတောက်ငါးဈေးကိုပဲ ဝင်တာများတယ်။ တွံတေးက  ငါးဒိုင်တွေကို သွားတယ်။ တချို့က ကိုယ့်ကန်မှာ ကိုယ်ရောင်းကြတယ်''ဟု ၎င်းကပြောသည်။

ဗဟိုစံပြငါးဈေးသို့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့မှ ငါး၊ ပုစွန် ရေထွက်ကုန်များ အဓိကဝင်ရောက်ပြီး ဗဟိုစံပြငါးဈေးမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ အပါအဝင် တခြားတိုင်းဒေသကြီးနှင့်ပြည်နယ်တို့သို့  ပြန်လည်ဖြန့်ဖြူးကြောင်းနှင့် ပြည်ပနိုင်ငံတို့သို့လည်း တင်ပို့ကြောင်း သိရသည်။

ဗဟိုစံပြငါးဈေးသို့ ကုန်းလမ်း၊ ရေလမ်းတို့မှ တစ်ဆင့် ရေထွက်ကုန်များ ဝင်ရောက် ကြောင်း၊ လက်ရှိတွင် နယ်စပ်ကုန်သွယ် ရေးဂိတ်များ ပြန်လည်ဖွင့်လှစ် ခွင့်ပြုလိုက်  ခြင်းနှင့် ကန်များတွင် ငါးများ နည်းနေခြင်းတို့ကြောင့် ငါးဈေးအနည်းငယ် တက်လာပြီး ငါးမြစ်ချင်းတစ်ပိဿာလျှင် ယခင် ငွေကျပ် ၃ဝဝဝ မှ ယခု ငွေကျပ် ၃၅ဝဝ မှ ၄ဝဝဝ အထိရှိကြောင်း၊ တစ်ပိဿာအောက်အရွယ် ငါးမြစ်ချင်း တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ မှ ၃ဝဝဝ အထိရှိကြောင်း သိရသည်။