ဟိုက်ပါဆောနစ် နည်းပညာအရာမှာ တရုတ်ကို ကမ္ဘာ့ထိပ်တန်းဖြစ်စေတဲ့ လျှို့ဝှက်လေဥမင်

ဟိုက်ပါဆောနစ် နည်းပညာအရာမှာ တရုတ်ကို ကမ္ဘာ့ထိပ်တန်းဖြစ်စေတဲ့ လျှို့ဝှက်လေဥမင်

အရေးပါတဲ့ပျံသန်းမှု  လုပ်ငန်းစဉ် အဆင့်ဆင့်ကနေ တစ်ဆင့် စွမ်းဆောင်ရည် အလွန်မြင့်မားတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စမ်းသပ်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ပထမဆုံးလေဥမင်ကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားပါတယ်။

ဒီလိုဥမင်ကို ပိုင်ဆိုင်ထားခြင်းကြောင့် အမေရိကန်တို့ကြုံတွေ့ရတဲ့ မအောင်မြင်တဲ့ စမ်းသပ်မှုတွေလိုမျိုး တန်ဖိုးကြီးမားလှတဲ့ ဆုံးရှုံးမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

အဲဒီလေဥမင်ရဲ့နာမည်၊ သူ့ရဲ့တည်နေရာနဲ့ အသံထက် ဘယ်လောက်အထိ မြန်တဲ့နှုန်းကို ထောက်ပံ့ပေးနိုင်တယ်ဆိုတဲ့ အချက်တွေကတော့ လျှို့ဝှက်အဆင့်မှာ ရှိတဲ့အတွက် မသိနိုင်သေးပါဘူး။

ဒါပေမဲ့သေချာတာ တစ်ခုက အဲဒီလေဥမင်ဟာ   တရုတ်နိုင်ငံရဲ့ အသံထက် အလွန်မြန်(ဟိုက်ပါဆောနစ်)လက်နက် အစီအစဉ်အတွက်တော့  အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာပါပဲ။

တရုတ်နိုင်ငံအနေနဲ့ ဒီလိုလေဥမင်ကို ပိုင်ဆိုင်ထားတဲ့အတွက် ဒုံးကျည်တွေကို လက်တွေ့စမ်းသပ်မှု မလုပ်ခင် အရေးကြီးတဲ့ တည်ဆောက်မှုနဲ့ နည်းပညာဆိုင်ရာ အခြေအနေတွေကို မြေပြင်မှာတင် တွေ့ရှိပြီး အမှားရှိရင်လည်း အချိန်မီပြင်ဆင်နိုင်တယ်လို့  သုတေသီများက ဆိုပါတယ်။

အသံထက်အလွန်မြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်ဆိုတာ အနည်းဆုံးအနေနဲ့ အသံရဲ့အလျင်ထက်  ငါးဆမြန်တဲ့နှုန်းနဲ့ သွားနိုင်တဲ့ဒုံးကျည်ကို ဆိုလိုတာပါ။

သူသွားနိုင်တဲ့ ပမာဏကလည်း ကီလိုမီတာ  ထောင်ပေါင်းများစွာ ရှိပါတယ်။ ဒါ့အပြင်  သူ့ရဲ့အမြန်နှုန်းနဲ့ လှုပ်ရှားမှုကို လိုက်မီနိုင်တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်လည်း မရှိသေးတာကြောင့် ကမ္ဘာ့နိုင်ငံကြီးများက     ဟိုက်ပါဆောနစ် ဒုံးကျည်ကို  အသည်းအသန် လိုချင်နေကြတာပါ။

အရင်ဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းရဲ့  လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြောပြလိုပါတယ်။ ပထမဦးစွာ ဒုံးကျည် အနေနဲ့ အသံထက် အလွန်မြန်တဲ့နှုန်း နီးပါးနဲ့သွားနိုင်ဖို့အတွက်   အားမြှင့်ဒုံး အသေးစားအပေါ်မှာ မှီခိုနေပါတယ်။

ပြီးတဲ့အခါ ဒုံးကျည်က အဲဒီအားမြှင့် ဒုံးအသေးစားကို ဖြုတ်ချလိုက်ချိန်မှာတော့ လေဝင်ပေါက်ကိုပိတ်ထားတဲ့ အဖုံးကပွင့်သွားပြီး လေရှူအင်ဂျင်က  စခရမ်ဂျက်အဖြစ် စတင်အလုပ်လုပ်ကာ မြင့်မားတဲ့ အမြန်နှုန်းနဲ့ပြေးသွားတာဖြစ်ပါတယ်။

အခု တရုတ်နိုင်ငံက ထုတ်ဖော်ပြသလိုက်တဲ့ လေဥမင်က ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းအနေနဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့  ပျံသန်းနိုင်စေဖို့အတွက် ကြီးမားရုံသာမကဘဲ စမ်းသပ်မှုကာလ တစ်လျှောက်မှာ  မတူညီတဲ့ ပျံသန်းမှု အဆင့်ဆင့်အတိုင်း   တုပနိုင်စေမယ့် ပတ်ဝန်းကျင် အခြေအနေများကိုလည်း ဖန်တီးပေးနိုင်တယ်လို့ သုတေသီကွေကျီးကပြောပါတယ်။

အထူးသဖြင့် အားမြှင့်ဒုံးက ခွဲထွက်ပြီး စခရမ်ဂျက်အင်ဂျင်က စတင်အလုပ်လုပ်ချိန်လိုမျိုး ပျံသန်းမှုအဆင့် တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲသွားတဲ့ ကာလအတွင်း တွေ့ကြုံရနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရာမှာ  အပြည့်အဝ သဏ္ဌာန်တူတုပနိုင်ခြင်းက အလွန်အရေးကြီးတယ်လို့ ကွေကျီးနဲ့ လုပ်ဖော်ကိုင်ဖက်များက ပြောပါတယ်။

လက်ရှိအချိန်အထိ သုတေသနပညာရှင်တွေ သိရှိထားသမျှအရ အခုလိုမျိုး ဟိုက်ပါဆောနစ် ဒုံးကျည်ကို စွမ်းဆောင်ရည်အပြည့်နဲ့ စမ်းသပ်နိုင်တဲ့   အလားတူ လေဥမင်မျိုးက အမေရိကန်အပါအဝင် ဘယ်နိုင်ငံမှာမှ မရှိသေးဘူးလို့  သိရပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကလည်း ဟိုက်ပါဆောနစ်ဒုံးကျည် ရရှိရေးအတွက် ပြီးခဲ့တဲ့နှစ်တွေကတည်းကစပြီး သုတေသနလုပ်ငန်းမှာ ငွေကြေးအရင်းအနှီး မြောက်မြားစွာ စိုက်ထုတ်ထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့လည်း အခုအချိန်အထိတော့ သူတို့လုပ်သမျှ စမ်းသပ်မှုတိုင်းက အောင်မြင်ခြင်း မရှိတဲ့အတွက် လက်တွေ့အလုပ်ဖြစ်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းတောင်မှ မပိုင်ဆိုင်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကဆိုရင် B-52 ဗုံးကြဲလေယာဉ်ပေါ်ကနေ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဝေဟင်ပစ် ဟိုက်ပါဆောနစ် ဒုံးကျည်ဟာ သတ်မှတ်ထားတဲ့ အချိန်မှာ အင်ဂျင်ပွင့်ခြင်း မရှိတာကြောင့် စမ်းသပ်မှုမအောင်မြင်ဘူးလို့ အမေရိကန်လေတပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  အောက်တိုဘာလတုန်းကလည်း အားမြှင့်ဒုံး အမှားကြောင့် စမ်းသပ်မှု ပျက်ပြားခဲ့ရတယ်လို့ အမေရိကန်ရေတပ်နဲ့ ကြည်းတပ်ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အလားတူ ဒီဇင်ဘာလမှာ လုပ်ဆောင်တဲ့ စမ်းသပ်မှုကျတော့လည်း စတင်ပစ်လွှတ်တဲ့ အဆင့်မှာတင် အမှားအယွင်းရှိနေခဲ့တယ်လို့ လေတပ်က ထုတ်ပြန်ထားပါတယ်။

တစ်ချိန်တုန်းက အမေရိကန်ဆိုတာ အသံထက် အလွန်မြန်နှုန်းနဲ့ ပျံသန်းမှုနည်းပညာမှာ ဆရာတစ်ဆူဖြစ်ပြီး   ကမ္ဘာ့ အကောင်းဆုံးသော လေဥမင်များကို ပိုင်ဆိုင်ထားဖူးတယ်လို့ ကွေကျီးနဲ့အဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် လက်ရှိအမေရိကန်မှာ ရှိတဲ့ လေဥမင်တွေက အနည်းငယ်မျှသော ပျံသန်းမှုအဆင့်ကိုသာ သဏ္ဌာန်တူ တုပနိုင်ပါတယ်။

ဥပမာအားဖြင့် NASA ရဲ့ ၈ ပေ အကျယ်ရှိ အပူချိန်မြင့်ဥမင်ဆိုရင် အရွယ်အစားအားဖြင့် တရုတ်ရဲ့လေဥမင်နဲ့ဆင်တူ ပါတယ်။ ဒါပေမဲ့  အားမြှင့်ဒုံးခွဲ ထွက်မှုအဆင့်ကိုတော့ မတုပနိုင်ပါဘူး။

ဟိုက်ပါဆောနစ်ဒုံးကျည်ရဲ့ ပျံသန်းမှု လုပ်ငန်းစဉ် အပြည့်အဝကို  သဏ္ဌာန်တူ တုပခြင်းဟာ  တကယ်တမ်းမှာ စိန်ခေါ်မှု များစွာရှိပါတယ်။

တကယ့်ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းမှာ  အားမြှင့်ဒုံးက  စခရမ်ဂျက်အင်ဂျင်ရဲ့ မီးလောင်ခန်းထဲ ထည့်သွင်း တည်ဆောက်ထားတာပါ။

အားမြှင့်ဒုံးကဒုံးကျည်ကနေ ခွဲထွက်သွားတဲ့အခါ သူကဒုံးကျည်ကို နောက်ဆုံးအားအကုန်နဲ့ ပစ်လွှတ်လိုက်ချိန်မှာတော့ လေဥမင်က ပျက်စီးသွားလေ့ရှိပါတယ်။

ဟိုက်ပါဆောနစ်ဒုံးကျည်ရဲ့ ရှေ့မှာ လေဝင်ပေါက်ကိုကာထားတဲ့အဖုံးတစ်ခုရှိပါတယ်။ ဒုံးကျည်အနေနဲ့ သတ်မှတ်အမြန် နှုန်းကိုရောက်ရှိချိန်မှာ အဖုံးက ပွင့်သွားပါတယ်။

အဲဒီအချိန်မှာ   ပွင့်သွားတဲ့အဖုံးက လေဥမင်နံရံကို   ဝင်တိုက်နိုင်တဲ့အပြင် နောက်ဆုံးမှာ ဒုံးကျည်ကိုလည်း   ပျက်စီးသွားစေနိုင်ပါတယ်။

ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက် ကွေကျီးနဲ့အဖွဲ့က တီထွင်ဖန်တီးလိုက်တဲ့ အရာကတော့  ဖြုတ်ချလိုက်တဲ့ အားမြှင့်ဒုံးကို ဖမ်းယူနိုင်မယ့်ကိရိယာနဲ့ လေဝင်ပေါက်အဖုံးကို ဖမ်းယူမယ့် စက်ရုပ်လက်တံတို့ပဲဖြစ်ပါတယ်။

အားမြှင့်ဒုံးပြန်ဖမ်းမယ့် အရာကိုဖန်တီးခြင်းက ကွေကျီးနဲ့ အဖွဲ့အတွက် တကယ့်ကို စိန်ခေါ်မှုနဲ့    ရင်ဆိုင်ရခြင်းပါပဲ။

ဘာကြောင့်လဲဆိုရင်  အဲဒီပြန်ဖမ်းမယ့် ပစ္စည်းက ဒုံးကျည်ရဲ့နောက်နားမှာလည်း ရှိရမယ်။ အားမြှင့်ဒုံးက ထွက်တဲ့ ချစ်ချစ်တောက်ပူနေတဲ့ မီးလျှံကိုလည်း ခံနိုင်ရည်ရှိရမယ်။

ဒါ့အပြင် စခရမ်ဂျက်အင်ဂျင်စတင် အလုပ်လုပ်တဲ့အခါ   သူ့ရဲ့အိတ်ဇောကို မပိတ်နေစေဖို့အတွက် သူမတူထူးခြားတဲ့ လေထဲမှာဖြတ်သန်းနိုင်မှု ဂုဏ်သတ္တိလည်း ရှိရပါမယ်။

နောက်တစ်ခုက လေဝင်ပေါက်အဖုံးကို ဖမ်းယူမယ့် စက်ရုပ်လက်တံပါ။ အဲဒီစက်ရုပ်လက်တံဟာ ဆိုရင် အလွန်တရာ ပူပြင်းပြီး မြန်ဆန်လှတဲ့ လေစီးကြောင်းကို ခံနိုင်ရည်ရှိရမယ်။

ဒါတင်မကသေးဘဲ သူ့ရဲ့လှုပ်ရှားမှုက စက္ကန့်ဝက်အတွင်းမှာ   ပြီးစီးရပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် စခရမ်ဂျက်အင်ဂျင်က  လေကိုကောင်းစွာ မရှူနိုင်တဲ့အတွက် စွမ်းဆောင်ရည် ကျဆင်းသွားနိုင်ပါတယ်။

ဒီလိုမျိုး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိပေမယ့်လည်း ကွေကျီးနဲ့ အဖွဲ့သားတွေဟာ   သူတို့လိုချင်တဲ့ အရေးကြီးပစ္စည်းတွေကို အောင်မြင်စွာပဲ ဖန်တီးနိုင်ခဲ့ပါတယ်။

စွမ်းဆောင်ရည် အလွန်မြင့်မားတဲ့ လေဥမင်တွေကို တည်ဆောက်၊ ပိုင်ဆိုင်၊ လည်ပတ်ဖို့ဆိုတာ တော်တော်လေးကို မလွယ်ကူတဲ့ အလုပ်တစ်ခုပါ။

စမ်းသပ်မှုလုပ်ချိန်မှာဆိုရင် လေဥမင်က အပူချိန် ၁၇ဝဝ ဒီဂရီစင်တီဂရိတ်အထိရှိတဲ့ အလွန်တရာပူပြင်းတဲ့ လေကို ထုတ်ပေးပါတယ်။

ဒါ့အပြင် လေတိုက်နှုန်းကိုလည်း တကယ့်ဒုံးကျည် အစစ်တစ်စင်းက လေကိုထိုးခွဲ ပျံသန်းစဉ်ရရှိတဲ့နှုန်း အထိကို တိုးမြှင့်ပေးပတယ်။

ဒီအတွက်ကြောင့် လေဥမင်ဟာ အလွန်တရာများပြားလှတဲ့ စွမ်းအင်ကို အသုံးပြုရပါတယ်။

ဒါကြောင့် လေဥမင်ကို စမ်းသပ်ချိန်တုန်းက ပြည်နယ်အတွင်းရှိ မဟာဓာတ်အားလိုင်းမှာ ရှော့ခ်ဖြစ်တာတွေ၊ တစ်ခါတလေ မီးပျက်သွားတာတွေပါ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း တရုတ်အစိုးရနဲ့ တရုတ်တပ်မတော်ကတော့ ကုန်ကျစရိတ် အလွန်များပြားတဲ့ အလားတူစမ်းသပ် အဆောက် အဦတွေကို ဆက်လက်တည်ဆောက် နေဦးမှာပါ။

ပေကျင်းမြို့မှာ  လက်ရှိတည်ဆောက်နေဆဲဖြစ်တဲ့  F-22 အမည်ရှိ ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံး လေဥမင်ဟာ ဒီနှစ်အတွင်းမှာပြီးစီးမယ်လို့  သုတေသီတွေက ပြောပါတယ်။

သူ့ကိုကမ္ဘာ့ စွမ်းဆောင်ရည် အမြင့်ဆုံး လေဥမင်လို့  ဆိုရတဲ့ အကြောင်းရင်းက သူဟာအသံထက်အဆ ၃ဝ မြန်တဲ့နှုန်းနဲ့ ပျံသန်းမှုမျိုးကို သဏ္ဌာန်တူ တုပပေးနိုင်မယ့်အရည်အချင်း ရှိလို့ပါပဲ။

ဒီလိုစွမ်းဆောင်ရည်မြင့်မားလွန်းတဲ့ လေဥမင်များကို ပိုင်ဆိုင်ထားခြင်းကြောင့် တရုတ်နိုင်ငံဟာ ဟိုက်ပါဆောနစ် နည်းပညာနယ်ပယ်မှာ   ဆယ်စုနှစ်ပေါင်းများစွာအထိ ရှေ့ကနေ ဦးဆောင်နေဦးမှာဖြစ်ကြောင်း    ရေးသား တင်ပြလိုက်ရပါတယ်။