ဂျာမနီ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အယောက် တစ်သိန်းကျော်ရှိလာ

ဂျာမနီ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အယောက် တစ်သိန်းကျော်ရှိလာ

ဂျာမနီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်သည် ပထမဆုံးအကြိမ်အဖြစ် အယောက်တစ်သိန်း ကျော်လာပြီး  ထိုကူးစက်မှုကို ထိန်းချုပ်ရန်သီတင်းပတ်များစွာ    ကြာမြင့်မည်ဖြစ်ကြောင်း  ကျန်းမာရေး ဝန်ကြီးက သတိပေးသည်။

ဥရောပ၏ စီးပွားရေး အင်အားအကြီးဆုံး ဂျာမနီနိုင်ငံ၌  အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုသည် အလွန် လျင်မြန်စွာ ပျံ့နှံ့နေကာ တစ်ရက်အတွင်း ကူးစက်ခံရသူ ၇၄၄ဝ၅ ဦးရှိပြီး   နောက်တစ်ရက်တွင် ကူးစက်ခံရသူ ၁၁၂၃၂၃ ဦး ရှိလာကြောင်း ဂျာမနီပြည်သူ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် ဖေဖော်ဝါရီလလယ်ပိုင်းတွင် အမြင့်ဆုံးအထိ ရောက်ရှိနိုင်ပြီး ထို့နောက်မှသာ ကူးစက်မှု ပြန်လည် ကျဆင်းနိုင်ကြောင်းနှင့် လက်ရှိတွင် အမြင့်ဆုံးကူးစက်မှု အထိမရောက်သေးကြောင်း ကျန်းမာရေး ဝန်ကြီး ကဲလူတာဘတ်ကပြောသည်။

ထို့ကြောင့် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း   ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်ရန် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဘားများကို သွားရောက်မှုနှင့်ပတ်သက်၍    ကန့်သတ်ချက်များကို တင်းကျပ်ထားပြီး    နှေးကွေးနေသော ကာကွယ်ဆေး ထိုးနှံရေး  အစီအစဉ်ကို မြှင့်တင်မည်ဟု တာဝန်ရှိသူများက ကတိပြုထားသည်။

လက်ရှိတွင် ဝန်ကြီးချုပ် အိုလတ်စကော့ဦးဆောင်သော အစိုးရအသစ်အနေဖြင့် စီးပွားရေး လုပ်ငန်းများနှင့် စာသင်ကျောင်းများကို ပိတ်ခြင်းကဲ့သို့   ကျယ်ပြန့်သော လော့ဒေါင်းကန့်သတ်ချက်များကို  ချမှတ်ထားခြင်း မရှိသေးပေ။

သို့သော် ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ် ကန့်သတ်ချက်များ ချမှတ်ရန် လိုအပ်မည်ဟု တာဝန်ရှိသူများက ထောက်ပြထားပြီး လွှတ်တော်အနေဖြင့် ကာကွယ်ဆေး မထိုးမနေရလုပ်ငန်းကို စတင်ရေးဆွေးနွေးရန် ပြင်ဆင်နေကြောင်း သတင်းဌာန တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။