တရုတ်ပြည်တွင်းဖြစ် C919 ခရီးသည်တင် လေယာဉ်များကို ယခုနှစ်အတွင်း စတင်လွှဲအပ် ပေးဖွယ်ရှိ

တရုတ်ပြည်တွင်းဖြစ် C919 ခရီးသည်တင် လေယာဉ်များကို ယခုနှစ်အတွင်း စတင်လွှဲအပ် ပေးဖွယ်ရှိ

တရုတ်ပြည်တွင်းဖြစ် C919 ခရီးသည်တင် လေယာဉ်များကို ယခုနှစ်အတွင်း စတင်လွှဲအပ်ပေးဖွယ်ရှိကြောင်း   ဒေသတွင်း သတင်းဌာနများက နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့်  ကိုမက်မှတာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ဇန်နဝါရီ ၁၉ ရက်တွင် ဖော်ပြထားသည်။

ရှန်ဟိုင်းမြို့၌ကျင်းပသော  နိုင်ငံရေး အကြံပေးအဖွဲ့၏  နှစ်ပတ်လည် အစည်းအဝေး ဘေးပန်းတွေ့ဆုံမှုတွင် ကိုမက်ကုမ္ပဏီ မှ ဒုတိယအထွေထွေ မန်နေဂျာ ဝူယောင်လျန်းက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

C919 ခရီးသည်တင် လေယာဉ်များသည် အဲဘတ်(စ်)နှင့်  ဘိုးအင်းကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်၍ ထုတ်လုပ်ခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ   ဖြစ်ပွားမှုကြောင့်  လေယာဉ်ထုတ်လုပ်ရေး အပေါ်သက်ရောက်မှုကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် ဆက်စပ်လုပ်ငန်းများကို အစဉ်အတိုင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ဝူယောင်လျန်းက ပြောသည်။

လက်ရှိအချိန်တွင် C919 ခရီးသည်တင် လေယာဉ်သည် တရုတ်အရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့၏  လိုလားချက်များနှင့် အလုံးစုံကိုက်ညီခြင်း မရှိသေးကြောင်း သတင်းဌာနများက ရေးသားထားသည်။ တရုတ်အရှေ့ပိုင်း လေကြောင်းလိုင်းက C919 ခရီးသည်တင် လေယာဉ်များကို ပထမဆုံးအသုံးပြုမည့်  လေကြောင်းလိုင်း ဖြစ်ပြီး   ထိုလေယာဉ်ငါးစင်းအထိ ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။