ပြီးဆုံးဖို့ လမ်းမမြင်သေးဘဲ ရှည်ကြာနေဦးမယ့် ကမ္ဘာ့ကပ်ရောဂါ

ပြီးဆုံးဖို့ လမ်းမမြင်သေးဘဲ ရှည်ကြာနေဦးမယ့် ကမ္ဘာ့ကပ်ရောဂါ

လူသားတွေအားလုံး စိတ်ညစ်ညူးစွာ နေခဲ့ရတာ   နှစ်နှစ်ကျော် ကာလထဲကို  ရောက်လာပါပြီ။ အကြောင်းရင်းကတော့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့်ပါပဲ။

ဒီအချိန်မှာ   လူသားတွေအားလုံး အတောင့်တဆုံးက   ဒီကပ်ရောဂါကြီး အမြန်ဆုံးပြီးဆုံးသွားစေဖို့လို့ဆိုရင် မှားမယ်မထင်ပါဘူး။ မိမိတို့ကိုယ်တိုင်လည်း ဒီဆန္ဒရှိတာအမှန်ပါပဲ။

ဒါပေမဲ့ လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့ စကားပုံလိုပဲ လူသားတွေရဲ့ လိုအင်မှန်သမျှကို ဘယ်သူကမှ ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်းငှာ မစွမ်းသာပါဘူး။

အခုလည်း လူသားတွေက   ကမ္ဘာ့ကပ်ရောဂါကြီး  အမြန်ဆုံး ပြီးဆုံးစေချင်ပေမယ့် ဒီကပ်ရောဂါဟာ သိပ်မဝေးတော့တဲ့ ကာလအတွင်းမှာ ပြီးဆုံးဦးမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က    အခုလို ထုတ်ပြန်တာလည်း မမှားပါဘူး။ ပြင်သစ်၊ ဂျာမနီနဲ့ ဘရာဇီးတို့လိုနိုင်ငံတွေမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပိုး ကူးစက်ပျံ့နှံ့မှုက စံချိန်အသစ် တင်လောက်အောင် မြင့်တက်လာတာကို တွေ့ရပါတယ်။

အခုဆိုရင်    ကူးစက်ပျံ့နှံ့မှု လွန်စွာမြန်ဆန်တဲ့ အိုမီခရွန်အမည်ရှိ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးဟာ ကမ္ဘာတစ်ဝန်းမှာ အတားအဆီးမရှိ ပျံ့နှံ့နေပြီး တစ်ဖက်မှာလည်း   အစိုးရအသီးသီးက   တားမြစ် ကန့်သတ်ချက်တွေကို ပြန်လည်ချမှတ်ကာ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တိုးမြှင့် လုပ်ဆောင်နေရပါတယ်။

ဒီအချိန်မှာပဲ ကမ္ဘာ့ကပ်ရောဂါကြီးက အချိန်တိုအတွင်း ပြီးဆုံးဖို့   လမ်းမမြင်သေးဘူးလို့  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်လိုက်တာပါ။

အထူးသဖြင့် ဒီလိုသတိပေး ထုတ်ပြန်မှုကို အရေးတယူ ပြုရမှာကတော့ ဥရောပဒေသဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာဆိုရင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ အယောက်တစ်သိန်းကျော်ပြီး ပြင်သစ်နိုင်ငံမှာတော့ ငါးသိန်းနီးပါး အထိရှိတယ်လို့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ဒါ့အပြင် လက်တင်အမေရိက ဒေသမှသည် အရှေ့အာရှဒေသ တစ်ဝန်းအထိ ကူးစက်ပျံ့နှံ့နေတဲ့ အိုမီခရွန်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့  ညွှန်ကြားရေးမှူးချုပ်က  သတိပေးထားတာ ရှိပါသေးတယ်။

အဲဒါကတော့ လူတော်တော်များများက အိုမီခရွန်ကို မပြင်းထန်တဲ့ ရောဂါပိုးအဖြစ် သတ်မှတ်ထားခြင်းပါပဲ။    ဒါကြောင့် အိုမီခရွန်သည် ပျမ်းမျှအားဖြင့်   ရောဂါပြင်းထန်မှု နည်းကောင်း နည်းနိုင်ပေမယ့် သူ့ကိုမပြင်းထန်တဲ့ ရောဂါအဖြစ် သတ်မှတ် ပြောဆိုနေကြခြင်းက လူတွေကို လမ်းလွဲသွားစေနိုင်တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ရောဂါပိုးကူးစက်မှု မြင့်တက်လာတဲ့ ဥရောပ

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဥရောပ ဒေသတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ငါးသန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လရောက်တဲ့အခါ ဥရောပသားထက်ဝက်ခန့်က ရောဂါပိုး ကူးစက်ခံရနိုင်ပြီး   ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်နှက်နေနိုင်တယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

ဂျာမနီနိုင်ငံမှာ ဇန်နဝါရီ ၁၈ ရက် အတွင်း ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၁၂၃၂၃ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၂၃၉ ဦးရှိပါတယ်။ ရောဂါပိုး ကူးစက်ခံရသူတွေထဲက ၇ဝ ရာခိုင်နှုန်းဟာ  အိုမီခရွန်ဗီဇပြောင်း ပိုးကူးစက်ခံရသူတွေပါ။

ဒီအတွက်ကြောင့် ဂျာမနီဝန်ကြီးချုပ်က သူ့ရဲ့ပြည်သူတွေ   ကိုယ်ခံအားရရှိစေဖို့ အတွက်  ကာကွယ်ဆေးကို   မဖြစ်မနေ ထိုးရမယ်ဆိုပြီး လုပ်ဆောင်လာပါတယ်။

တခြားဥရောပနိုင်ငံတွေကလည်း ကူးစက် မှုမြင့်တက်လာတဲ့ အိုမီခရွန်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဂျာမနီနိုင်ငံရဲ့အိမ်နီးချင်းဖြစ်တဲ့ ပြင်သစ်နိုင်ငံမှာဆိုရင် နေ့စဉ်ပျမ်းမျှ ရောဂါပိုး ကူးစက်မှုပမာဏက သုံးသိန်းကျော်အထိ ရှိလာပါပြီ။

ပြင်သစ် ပြည်သူ့ကျန်းမာရေး ဌာနရဲ့ထုတ်ပြန်ချက်အရ ဆိုရင် ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ ရောဂါပိုးကူးစက်မှု ပမာဏက ၄၆၄၇၆၉ ဦးအထိရှိတယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဥရောပဒေသရဲ့ ခရီးသွား လုပ်ငန်းဟာ အစောဆုံး အနေနဲ့    ၂ဝ၂၄ ခုနှစ်ရောက်မှသာ ကပ်ရောဂါ မဖြစ်ခင် ကာလတုန်းက အနေအထားကို ပြန်ရောက်မယ်လို့ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့က ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ သက်ဆိုးရှည်မယ့် ကပ်ရောဂါ

    ဥရောပဒေသမှာရှိတဲ့ နိုင်ငံကြီးတွေက ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ကာကွယ် ထိန်းချုပ်နိုင်ဖို့အရေး ကာကွယ်ဆေးတွေကို အကြိမ်ကြိမ် ထိုးပေးနေကြပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ ဒီအခွင့်အရေးကို မရရှိကြပါဘူး။ ဒီအခြေအနေလေးကိုတော့   ဖိလစ်ပိုင်နိုင်ငံမှ  ဖြစ်ရပ်မှန် အကြောင်းအရာလေး တစ်ခုနဲ့ တင်ပြချင်ပါတယ်။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ တိုမာဆာဗားဒက်ဟာ    ပြီးခဲ့တဲ့နှစ်မှာ သူ့သားရဲ့ အသက်ကို ကိုဗစ်-၁၉ ရောဂါက ခေါ်ဆောင် သွားပြီးတဲ့နောက် ကာကွယ်ဆေးထိုး ရဖို့အရေးကိုသာ ပြင်းပြစွာ တောင့်တနေခဲ့တာပါ။

ဒါပေမဲ့လည်း ဖိလစ်ပိုင်နိုင်ငံရဲ့ အစွန်အဖျားမှာရှိတဲ့ သူနေထိုင်ရာ ဆန်ဆာဗေးဒေါကျွန်းမှာ ကာကွယ်ဆေးကို တစ်ကြိမ်မှ ထိုးပေးဖူးခြင်း မရှိပါဘူး။

ကာကွယ်ဆေးရရှိနိုင်တဲ့ ပြည်မကြီးအထိ သွားပြီး  ဆေးထိုးမယ်ဆိုပြန်တော့လည်း သူ့အသက်အရွယ်နဲ့ကြည့်ရင် ပင်ပန်းဆင်းရဲ လွန်းလှတဲ့ လှေစီးခရီးနှင်ရဦးမှာပါ။

ဒါ့အပြင် သူ့အလုပ်အကိုင်ကနေ ရတဲ့ ဝင်ငွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း လှေစီးရမယ့် ကူးတို့ခက လွန်စွာများပြား နေပါသေးတယ်။

အဲဒီလိုနေရာမျိုးကို      ပထမဆုံး ကာကွယ်ဆေးထိုးဖို့   ရောက်ရှိလာချိန်ကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ကာကွယ်ဆေးထိုး အစီအစဉ် စတင်ပြီး    ၁ဝ လအကြာနဲ့  အနောက်နိုင်ငံကြီးတွေမှာ ကာကွယ်ဆေးထိုး အစီအစဉ် စတင်ပြီး တစ်နှစ်အကြာမှာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ ရောက်လာကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကလည်း စက်တပ် သစ်သားလှေ တစ်စင်းအပေါ်မှာ ကြီးမားလေးလံလှတဲ့   ဆေးပစ္စည်းတွေကို တင်ဆောင်ပြီး လှိုင်းကြမ်းတဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းလာရတာပါ။

ဖိလစ်ပိုင်နိုင်ငံကဲ့သို့ နိုင်ငံအစွန်အဖျားရှိ ပြည်သူတွေကို   ကာကွယ်ဆေးထိုးပေးဖို့ အရေး  အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ရုန်းကန်နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများအပြားရှိပါတယ်။

အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အဦတွေဖြစ်တဲ့ ဆေးသယ်ယာဉ်များ၊ အအေးခန်းများသာမက   တခြား လိုအပ်ချက်တွေဖြစ်တဲ့ သယ်ယူပို့ဆောင်ရေးဝန်ထမ်း၊ ကာကွယ်ဆေး စီမံခန့်ခွဲရေးမှူးများ နည်းပါးခြင်းတို့က ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်နေပါတယ်။

သူတို့အနေနဲ့   ဒီစိန်ခေါ်မှုတွေကိုပဲ ရင်ဆိုင်နေရတာလားဆိုတော့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံ တွေလိုမျိုး ကာကွယ်ဆေးကို ဖောဖောသီသီ မဝယ်နိုင်တဲ့အတွက် ကာကွယ်ဆေး ရရှိရေးမှာလည်း ရုန်းကန်နေရပြန်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဆိုရင်  အာရှဒေသမှာ ကာကွယ်ဆေးထိုးနှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဘယ်လောက်ထိလဲဆိုရင် ကာကွယ်ဆေးထိုး အစီအစဉ် စတင်ပြီး ၁ဝ လအတွင်း ပြည်သူထက်ဝက်ခန့်ကိုသာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပေးနိုင်ပါသေးတယ်။

ဒါ့အပြင် လူမှုကွန်ရက်တွေမှာ ရေးထားတဲ့ ကောလာဟလတွေကို   ယုံကြသူ အများအပြားရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနှုန်း  နည်းတာကြောင့်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ရာမှာ အခက်အခဲတွေ ရှိနေပါတယ်။

အခုဆိုရင်   အသစ်ထွက်ပေါ်လာတဲ့ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးတွေက ကာကွယ်ဆေးထိုးမှု နည်းပါးတဲ့ သူတွေဆီမှာ ပျံ့နှံ့နေပါပြီ။ ဒီလိုပျံ့နှံ့လာခြင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါကို သက်ဆိုးပိုရှည်စေမှာဖြစ်ပါတယ်။

ဒါကြောင့် ပထမဆုံး တစ်ချက်ပြောရမယ်ဆိုရင်  အနောက်နိုင်ငံတွေမှာ ဘယ်လောက်ပင် ကာကွယ်ဆေးထိုးနှုန်း ကောင်းသော်ငြား ကူးစက်မှုလွန်စွာ မြန်ဆန်တဲ့အိုမီခရွန်ကြောင့် ကာကွယ်ဆေး ထိုးပြီးသူတွေလည်း ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက် ခံနေရပါတယ်။ ကူးစက်ခံရမှု ပမာဏကလည်း  အံ့အားသင့်ဖွယ် ကောင်းစွာမြင့်တက်နေပါတယ်။

ဒုတိယတစ်ချက်က ကာကွယ်ဆေး ထိုးနှုန်းနည်းပါးတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာလည်း  အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးကူးစက်မှု   မြင့်တက်လာနိုင်ခြေ များပါတယ်။

ဒီလိုကူးစက်မှုမြန်ဆန်တဲ့ ရောဂါပိုးကူးစက်မှုနှုန်း မြင့်တက်လာပြီဆိုရင် ကျန်းမာရေးစနစ် ကောင်းစွာမဖွံ့ဖြိုးတဲ့   ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ ရောဂါကူးစက်မှုကို တော်ရုံခံနိုင်ဖွယ် မရှိပါဘူး။

ဒီလိုအချက်တွေကို   ထောက်ရှုခြင်းအားဖြင့် လက်ရှိဖြစ်ပွားနေတဲ့   ကမ္ဘာ့ကပ်ရောဂါသည်   အချိန်တိုအတွင်းမှာ ပြီးဆုံးနိုင်ဖို့  လမ်းမမြင်သေးဘဲ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ရှည်ကြာနေဦးမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။