ပုဂံ-ညောင်ဦးဒေသ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ Quarantine ဝင်ရောက်ရန် ဟိုတယ်ငါးလုံး ပြင်ဆင်ထား

ပုဂံ-ညောင်ဦးဒေသ၌  COVID-19 ရောဂါနှင့်ပတ်သက်၍     Quarantine ဝင်ရောက်ရန် ဟိုတယ်ငါးလုံး ပြင်ဆင်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံ) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၏ ပြောပြချက်အရ သိရသည်။

COVID-19 ရောဂါကူးစက်မှုများသော ဒေသများမှ ဝင်ရောက်လာသူများ၊ သံသယလူနာများ၊   ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို  စောင့်ကြည့်မှုများပြုလုပ်မည်ဖြစ်ပြီး ခရိုင်၊ မြို့နယ်များ၌ သတ်မှတ်ထားသော   စောင့်ကြည့်နေရာများတွင် နေထိုင်လိုခြင်းမရှိသူများအား    မိမိအစီအစဉ်ဖြင့်  ဟိုတယ်များ၌  စောင့်ကြည့်မှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။ သို့သော်  ဟိုတယ်၌  Quarantine ဝင်နေစဉ်   ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှလည်း ဟိုတယ်နှင့်တည်းခိုရိပ်သာများ၌ သာမန်ခရီးသွားများ လက်ခံရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို    ထုတ်ပြန်ထားသည့်အပြင် Quarantine  ဝင်သူများအား လက်ခံမည့် ဟိုတယ်များကိုလည်း သီးခြားစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မိမိအစီအစဉ်နဲ့ Quarantine ဝင်ရောက်သူတွေအဆင်ပြေစေဖို့ လောလောဆယ်  ဟိုတယ်ငါးလုံး  စီစဉ်ပေးထားပါတယ်။ လိုအပ်လာရင် ထပ်မံဆောင်ရွက်ပေးမှာပါ။ Quarantine  ဝင်ရောက်သူတွေကို လက်ခံဆောင်ရွက်ပေးမယ့် ဟိုတယ်တွေက လူတစ်ဦးစာအတွက် ငွေကျပ် သုံးသောင်းကနေ ငွေကျပ် လေးသောင်းကြား ကောက်ခံပါတယ်။  COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျစီစဉ်ထားပြီး သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာ ဆောင်ရွက်နေပါတယ်”ဟု ဦးဝင်းအောင်က ပြောသည်။

ပုဂံ-ညောင်ဦးဒေသရှိ    ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၂၈ လုံးအနက် ဟိုတယ်ငါးလုံး၌ Quarantine ဝင်ရောက်သူများအား  လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး ယင်းဟိုတယ်များ၌ ကျန်းမာရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်း၍   သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ၊  မရှိစစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။                      

 စိုးမိုး