ထိုင်းက ကွာရန်တင်းဝင်ရန် မလိုသည့် ခရီးသွားလာခွင့်ပြုမှုကို ပြန်လည် စတင်မည်

ထိုင်းက ကွာရန်တင်းဝင်ရန် မလိုသည့် ခရီးသွားလာခွင့်ပြုမှုကို ပြန်လည် စတင်မည်

ထိုင်းနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့ကျလာသည့်အတွက် ကာကွယ်ဆေး ထိုးထားပြီးသော ခရီးသည်များအား  ကွာရန်တင်းဝင်ရန် မလိုသည့် ခရီးသွားလာခွင့်ပြုမှုကို ဖေဖော်ဝါရီ ၁ ရက်တွင်  ပြန်လည်စတင်မည်ဖြစ်ကြောင်း ကပ်ရောဂါထိန်းချုပ်ရေး အဖွဲ့က ဇန်နဝါရီ ၂ဝ ရက်တွင်ပြောသည်။

ထိုင်းနိုင်ငံသည် အဆိုပါ အစီအစဉ် အကောင်အထည်ဖော်မှုကို ယခင်ကလည်း လုပ်ဆောင်ဖူးပြီး ထိုအချိန်က  သီတင်း ပတ်ခုနစ်ပတ်သာ ကြာကာ ကမ္ဘာတစ်ဝန်းတွင်  အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှု မြင့်တက်လာစဉ်နှင့်  ကာကွယ်ဆေးက   ထိုရောဂါပိုးအပေါ် သက်ရောက်မှုနည်းပါးသည်ကို တွေ့ရပြီးနောက် ပြီးခဲ့သည့်လတွင် ထိုအစီအစဉ်ကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

ယခုပြန်လည်ဖော်ဆောင်သည့် မူဝါဒအရ ခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်လိုပါက နိုင်ငံသို့ ဆိုက်ရောက်စဉ်နှင့် ရောက်ရှိပြီး ငါးရက်အကြာတွင် ရောဂါစစ်ဆေးရမည်ဖြစ်ပြီး သွားရောက်မည့် တည်နေရာကိုလည်း ဖော်ပြရမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထိုင်းတာဝန်ရှိသူများသည်  နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျလာသည့်အတွက်  စားသောက်ဆိုင်များကို အချိန်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ကွာရန်တင်း မဝင်ရသည့် ခရီးသွားလာခွင့်ပြုခြင်းသည် နိုင်ငံ၏ တင်းကျပ်သည့် ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး စည်းမျဉ်းများကြောင့် ခရီးသွားဦးရေ လျော့နည်းလာမှုနှင့်အတူ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျဆင်းသွားသည့် ခရီးသွားလုပ်ငန်းကို ပြန်လည်ဖော်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။