ဂျိုးဘိုင်ဒင်၏ ခြိမ်းခြောက်မှုက တင်းမာမှု အခြေအနေများကို ပိုဆိုးစေမည်ဟု ရုရှားထုတ်ပြန်

ဂျိုးဘိုင်ဒင်၏ ခြိမ်းခြောက်မှုက တင်းမာမှု အခြေအနေများကို ပိုဆိုးစေမည်ဟု ရုရှားထုတ်ပြန်

အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင်၏ ခြိမ်းခြောက်မှုဖြစ်သော ရုရှားနိုင်ငံအတွက် ဆိုးဝါးသည့် အကျိုးဆက်များ ဖြစ်နိုင်သည်ဟူသော ပြောဆိုချက်သည် လက်ရှိဖြစ်ပွားနေသည့် တင်းမာမှုများကို  ပိုဆိုးစေမည် ဖြစ်ကြောင်း ရုရှားသမ္မတရုံးက ဇန်နဝါရီ ၂ဝ ရက်တွင် ထုတ်ပြန်သည်။

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော် သိမ်းပိုက်မည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာပါက ရုရှားနိုင်ငံအနေဖြင့် ဆိုးဝါးသော အကျိုးဆက်များကိုသာ ရင်ဆိုင် ခံစားရမည်ဖြစ်ကြောင်း   အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက်  ရုရှားသမ္မတရုံးက   ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည်  အမေရိကန်ထံမှ ထိုကဲ့သို့သော သတိပေး ခြိမ်းခြောက်မှုများကို ကြားနေရသည်မှာ   အနည်းဆုံး တစ်လရှိနေပြီဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။

လက်ရှိအချိန်တွင်  ဥရောပဒေသ၌ မြင့်တက်လာနေသည့် တင်းမာမှုကို ပြေလျော့စေရေး လုပ်ဆောင်ရန် အမေရိကန်တွင် နည်းလမ်းမရှိဟု ယုံကြည်ကြောင်းနှင့် ထိုသို့သတိပေး ခြိမ်းခြောက်နေမှုများသည် အခြေအနေကို ပိုမိုဆိုးဝါးစေမည်သာဖြစ်ကြောင်း ပက်စကော့က ဆက်ပြောသည်။

အမေရိကန်ပါဝင်သည့် NATO တပ်ဖွဲ့က ယူကရိန်းနိုင်ငံကို ၎င်းတို့၏ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေး လုပ်ဆောင်လာစဉ် ရုရှားနှင့် တင်းမာမှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။