စိတ်ထားကောင်းဖြင့် အမှန်ကိုမြင်အောင်ကြည့်

လူ့လောကတွင် လူသားတို့၏ ကိုယ်ပိုင်ဥစ္စာစည်းစိမ်များသည် အကြောင်းအမျိုးမျိုး၊ ဘေးရန်အမျိုးမျိုးကြောင့်ပျက်စီး ဆုံးရှုံးတတ်ပါသည်။ ပစ္စည်းဥစ္စာအိုးအိမ်များပျက်စီးသွားလျှင် ပြန်လည်ပြုပြင်တည် ဆောက်နိုင်ပါသေးသည်။ ပညာရှင်များ၏ အဆိုအရ လူသားတို့တွင် စိတ်ဓာတ်မပျက်စီးရေးသည်သာ အဓိကဟုဆိုပါသည်။ စိတ်ဓာတ်ပျက်စီးသွားလျှင်ကား ပြုပြင်ရန်လွန်စွာခက်ခဲလှသည်။ လူတို့တွင်မိမိတို့ စိတ်ကို မိမိနိုင်နင်းအောင်စိုးပိုင်ထားသင့်သည်။ ဆိုလိုသည်မှာ အကုသိုလ် မီးမလောင်စေရန်သာ လိုရင်းဖြစ်သည်။ အိမ်၊ ကျောင်းစည်းစိမ်ဥစ္စာ မကောင်းတာသည် လိုရင်းမဟုတ်။ စိတ်ကောင်းတာ၊ မကောင်းတာသာလိုရင်း ဖြစ်ပေသည်။ လူသည်စိတ်ဓာတ်ပျက်ပြား ချို့ယွင်းပြီ ဆိုလျှင်  မကောင်းမှု ရေလျဉ်ကြောမှာ ကြာရှည်စွာနစ်မြောနေတတ်လေသည်။ ထို့ကြောင့်နာမည်ကျော် မဟာဂန္ဓာရုံ စာသင်တိုက်တွင် စိတ်ကောင်းရှိဖို့က ပထမဟူ၍ သတ်မှတ်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အပေါင်းသည် လူမှုအခက်အခဲများနှင့် မည်သို့ပင်ကြုံနေ စေကာမူ မိမိစိတ်ကိုကောင်းအောင် အစဉ်အမြဲ ပြုပြင်နေထိုင် သင့်ကြပေသည်။ လူတစ်ဦးချင်း အရေးထက်၊ မိသားစုအရေးကို တွေးရမည်။ မိသားစုတစ်စုအရေးထက် မိသားစုပေါင်းများစွာ၏ အရေးကို တွေးတောရမည်။ မိသားစုပေါင်းများစွာ ရှိနေသော နိုင်ငံတွင် ထိုမိသားစုများကို ကာကွယ်စောင့်ရှောက် ပေးနေသော တပ်မတော်ရှိလေသည်။ တပ်မတော်သည် ပြည်သူလူထုတွင် အခက်အခဲနှင့် ကြုံလေတိုင်း ရှေ့ဆုံးမှမားမား မတ်မတ်ရပ်တည်နေသော အဖွဲ့အစည်းဖြစ်သည်။

ထိုအဖွဲ့အစည်း ပိုမိုခိုင်မာလေလေ  နိုင်ငံအတွက် အကျိုးရှိလေလေ ဖြစ်သည်။ ပြည်ပကျူးကျော်မှုနှင့် ကြုံရသည့်အခါ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အသက်စွန့်ကာကွယ်မည်မှာ  တပ်မတော်သာဖြစ်သည်။

ထို့ကြောင့်တပ်မတော်နှင့် ပတ်သက်လာလျှင် စိတ်ကောင်းနှင့်ယှဉ်ပြီး အမှန်ကိုမြင်စေချင်သည်။ တပ်မတော် ဆိုသည်မှာ နိုင်ငံ့အတွက် မရှိမဖြစ်သော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်ပြိုကွဲလျှင် သို့တည်းမဟုတ် တပ်မတော်အင်အားနည်းလျှင် သူတစ်ပါးလွှမ်းမိုးမှုကို ခံရပေလိမ့်မည်။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဟူသော ခံယူချက်အတိုင်း ဘာသာသာသနာနှင့် လူမျိုးမကွယ် ပျောက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

တပ်မတော်ပြိုကွဲမှ မိမိတို့နိုင်ငံအပေါ်  ထင်သလိုပြုမူ ဆောင်ရွက်လိုသော အဖွဲ့အစည်းများနှင့် ဆက်စပ်နေသော မီဒီယာများ၊ စာရေးဆရာအမည်ခံ စာပေဟောပြောသူ အချို့သည် တပ်မတော်အပေါ် အစဉ်တစိုက် အဆိုးမြင်ဖြင့် ဝါဒဖြန့်ချိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တပ်မတော်သည် ကားမှန်ကန်သော လမ်းကြောင်းတွင် လျှောက်လှမ်းနေပြီး ပြည်သူလူထု ကောင်းကျိုးကိုသာ ရည်ရွယ်ချက် အမှန်ဖြင့် စွမ်းဆောင်နေသည့်အတွက် တပ်မတော်ကား ယနေ့တိုင်ခိုင်မာဆဲ၊ အင်အားကောင်းဆဲ၊ ကျစ်လျစ်သိပ်သည်းဆဲ ဖြစ်သည်။

အကြမ်းဖက်သမားအဖြစ် ဆွဲဆောင်စည်းရုံးခြင်း ခံလိုက်ရသော ပီဒီအက်ဖ် အမည်ခံလူငယ်လူရွယ် တို့သည် အမှန်အတိုင်းရေးသားရလျှင် တပ်မတော်အကြောင်းကို ထဲထဲဝင်ဝင် သိရှိခြင်း မရှိသောကြောင့်သာ ဘဝကိုတန်ဖိုးမဲ့စွာ ဖြတ်သန်းနေကြရခြင်း ဖြစ်သည်။ တပ်မတော်အကြောင်းကို အမှန်တကယ်ထဲထဲဝင်ဝင် သိရှိသူများသည် မိမိတို့၏ပညာ အဆင့်အတန်းနှင့် လျော်ညီသော အဆင့်အတန်းကို မျှော်မှန်းကာ တပ်မတော်သို့ ဝင်ရောက်လျက်ရှိကြသည်။ တပ်မတော်သား ဖြစ်သူတိုင်းသည် ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည် ဟူသော သစ္စာလေးချက်တွင် ပထမဆုံးသော သစ္စာတရားကို လေ့လာကြည့်လျှင်ပင် တပ်မတော်သားတို့၏ သဘောသဘာဝကို နားလည်နိုင်ကြမည် ဖြစ်သည်။

တပ်မတော်သားဖြစ်သူတိုင်းကို သက်ဆိုင်ရာ တက္ကသိုလ်များ၊ စစ်ကျောင်းကြီးများက တပ်မတော်သားကောင်းတစ်ယောက်ဖြစ်အောင် သင်ကြားပေးလိုက်ပြီး ဖြစ်သည်။ တပ်မတော်သား ကောင်းတစ်ယောက်ဖြစ်ရန်မှာ အဓိကအားဖြင့် စိတ်ထားကောင်းထားရှိခြင်းမှာအဓိကဖြစ်သည်။  စိတ်ဓာတ်၊  စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှုဟူသော အရည်အချင်းငါးပါးနှင့် ပြည့်ဝအောင် သင်တန်းများက ဖြည့်ဆည်းပေးလိုက်သလို သက်ဆိုင်ရာ တပ်ရင်းများရှိ အဆင့်ဆင့်သော တာဝန်ရှိသူများကလည်း ထပ်မံသင်ကြား ဖြည့်ဆည်းပေးလျက်ရှိသည်။ ကိုယ်နှုတ်နှလုံးသုံးပါးလုံး ယဉ်ကျေးပြေပြစ်ပါစေဟူသော ကျင့်ဝတ် ကပင် တပ်မတော်သားတို့၏ စိတ်ထားကောင်းမွန်ရေးကို ဦးတည်ခြင်း ဖြစ်ပါသည်။

စိတ်ထားကောင်းဖြင့် ဆောင်ရွက်လျက်ရှိသည့်အတွက် တပ်မတော်၏ဆောင်ရွက်ချက်များသည် ပြည်သူလူထုကောင်းကျိုးကိုသာ ဖြစ်စေသည်မှာ လက်တွေ့မျက်မြင်ဖြစ်သည်။ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးလှူဒါန်းခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးရုံတက်ရောက် ကုသနေသူများကို အာဟာရဖြည့် အစားအစာများ လှူဒါန်းခြင်း စသည့် ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ရောက်ရှိလာသည့် အချိန်မတိုင်မီကပင် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။ ပြည်သူ့အတွက် ဆောင်ရွက်ချက်များကား ဖော်ပြ၍မကုန်နိုင်အောင်ပင် ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် လမ်းမှားသို့ရောက်သွားသောလူငယ်များကား နိုင်ငံတော်နှင့် မိဘများအတွက် ဆုံးရှုံးမှု တစ်ရပ်ပင် ဖြစ်ပေရာ လူငယ်လူရွယ်တိုင်းတပ်မတော်၏ သဘောထားအမှန်ကို မြင်အောင်ကြည့်၍ တိုင်းကျိုး ပြည်ကျိုး သယ်ပိုးဆောင်ရွက် အောင်မြင်ကြပါစေကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။   ။