တရုတ်-ရုရှား-အီရန် သုံးနိုင်ငံ ပူးတွဲရေတပ် စစ်ရေး လေ့ကျင့်မည်

တရုတ်-ရုရှား-အီရန် သုံးနိုင်ငံ ပူးတွဲရေတပ် စစ်ရေး လေ့ကျင့်မည်

တရုတ်၊ ရုရှားနှင့်   အီရန်နိုင်ငံတို့အနေဖြင့် သုံးနိုင်ငံ ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်မှုတစ်ခုကို ဇန်နဝါရီ ၂၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အီရန်တပ်မတော်မှ ပြည်သူ့ဆက်ဆံရေး တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂ဝ ရက်တွင်ပြောသည်။

''၂ဝ၂၂ ခုနှစ် ပင်လယ်ရေကြောင်း လုံခြုံရေးခါးပတ်ကွင်း'' အမည်ရှိ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းတွင်   ပြုလုပ်သွားမည်ဖြစ်ပြီး ထိုလေ့ကျင့်ခန်းသည်  သုံးနိုင်ငံကြား တတိယအကြိမ် ပြုလုပ်သော  စစ်ရေးလေ့ကျင့်ခန်း ဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေး ဌာနမှ မိုစတာဖာတာဂျိုဒင်က ပြောသည်။

အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်သော ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန်   အရှေ့မျှော်မူဝါဒကို ချမှတ်ပြီး လိုက်နာကျင့်သုံးလျက်ရှိသည်။

ထို့အတွက် အီရန်နိုင်ငံသည် တရုတ်နှင့် ရုရှားနိုင်ငံတို့   ပူးတွဲခေါင်းဆောင်သော အလယ်အာရှဒေသ လုံခြုံရေးအဖွဲ့အစည်း ဖြစ်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့သို့ စက်တင်ဘာလတွင် ဝင်ရောက်ခဲ့သည်။

တရုတ်-ရုရှား-အီရန်နိုင်ငံတို့ အနေဖြင့် သုံးနိုင်ငံရေတပ် ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို ၂ဝ၁၉ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နောင်တွင်လည်း အလားတူ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မိုစတာဖာတာဂျိုဒင် ကပြောသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ ဒေသတွင်း လုံခြုံရေးနှင့် အခြေခံအုတ်မြစ်များ  ခိုင်မာစေရေးဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေး တို့တွင် သုံးနိုင်ငံ၏ ပါဝင်အားဖြည့်မှုအတွက် ပူးပေါင်း ဆောင်ရွက်မှုကို ချဲ့ထွင်ရေးဖြစ်ကြောင်း အီရန်တာဝန်ရှိသူက ဆက်ပြောသည်။

ထိုစစ်ရေး လေ့ကျင့်ခန်းတွင် အီရန်တပ်မတော်၏ ရေတပ်နှင့် အစောင့်တပ်ဖွဲ့၏ ရေတပ်တို့ ပါဝင်သွားမည်ဖြစ်ကာ မီးလောင်နေသော သင်္ဘောကို ကယ်ဆယ်ခြင်း၊ ပြန်ပေးဆွဲခံရသော သင်္ဘောကို လွတ်မြောက်အောင် ဆောင်ရွက်ခြင်းနှင့် ဝေဟင် ပစ်မှတ်များကို ညအချိန်တွင် ပစ်ခတ်ခြင်းတို့ကဲ့သို့ နည်းဗျူဟာမြောက် လေ့ကျင့်ခန်း အများအပြားကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။