လေယာဉ်ဖြင့် တစ်ကိုယ်တော် ကမ္ဘာပတ်နိုင်သည့် အသက်အငယ်ဆုံးဗြိတိန်-ဘယ်ဂျီယံ ဆယ်ကျော်သက် အမျိုးသမီး ဂင်းနစ်မှတ်တမ်းဝင်

လေယာဉ်ဖြင့် တစ်ကိုယ်တော် ကမ္ဘာပတ်နိုင်သည့် အသက်အငယ်ဆုံးဗြိတိန်-ဘယ်ဂျီယံ ဆယ်ကျော်သက် အမျိုးသမီး ဂင်းနစ်မှတ်တမ်းဝင်

ဗြိတိန်-ဘယ်ဂျီယံ ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးသည် လေယာဉ်ဖြင့် တစ်ကိုယ်တော် ကမ္ဘာပတ်နိုင်သည့် အသက် အငယ်ဆုံး အမျိုးသမီးဖြစ်လာပြီး ဂင်းနစ်မှတ်တမ်း ဝင်သွားကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ဆယ်ကျော်သက်သည် အလွန်သေးငယ်ပေါ့ပါးသည့် လေယာဉ်ဖြင့် ငါးလအတွင်း   တိုက်ကြီးငါးတိုက်ကို  ခရီးရှည်သွားနိုင်သည့် ပထမဆုံး လူပုဂ္ဂိုလ်လည်း ဖြစ်လာသည်။

အသက်မှာ ၁၉ နှစ်သာရှိသေးသည့် ဇာရာရူသာဖော့သည် ပြီးခဲ့သည့်နှစ် သြဂုတ် ၁၈ ရက်မှစ၍  အလွန်သေးငယ်သည့် လေယာဉ်ဖြင့် ခရီးထွက်ခွာကာ နိုင်ငံပေါင်း ၅၂ နိုင်ငံကျော် ခရီးအကွာအဝေး ကီလိုမီတာ ၅၁ဝဝဝ ကျော်ကို ပျံသန်းပြီးနောက် ဇန်နဝါရီ ၂ဝ ရက်တွင် ဘယ်ဂျီယံနိုင်ငံသို့ ပြန်လည် ဆင်းသက်လာခြင်းဖြစ်သည်။

ဇာရာရူသာဖော့သည် လေယာဉ်ဖြင့် တစ်ကိုယ်တော် ကမ္ဘာပတ်နိုင်သည့် အသက်အငယ်ဆုံး အမျိုးသမီးဟူသော ဂင်းနစ်စံချိန်ကို အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသူ ရှာအီစတာဝေ့(စ်)ထံမှ လွှဲပြောင်း ရယူလိုက်ခြင်းဖြစ်သည်။

၎င်း၏အိပ်မက်မှာ အာကာသယာဉ်မှူး တစ်ဦးဖြစ်ရန်ဖြစ်ကြောင်းနှင့် ယခုခရီးစဉ်သည်  သိပ္ပံ၊ နည်းပညာနှင့် လေကြောင်းနယ်ပယ်တို့မှ အမျိုးသမီးများ အတွက် ခွန်အားဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ဇာရာရူသာဖော့က ပြောထားသည်။