အချိန်နှင့်တစ်ပြေးညီ ကူညီလျက်ရှိသည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းမုန်တိုင်း တိုက်ခတ်ကာ ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက်ကျေးရွာအုပ်စု၊ ချောင်းကရှက်ကျေးရွာနှင့် ချောင်းကဖီးကျေးရွာ၊ ခမောက်ကြီးမြို့၊ ကော့သောင်း-ဘုတ်ပြင်းအဝေးပြေးကားလမ်းမကြီးနှင့် အမှတ်(၁)ရပ်ကွက်၊ ကော့သောင်းမြို့နယ်၊ ချန်းဖန်းကျေးရွာ၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ထားဝယ်မြို့နယ်၊ စမ်းလှမ်းကျေးရွာနှင့်ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာများ အတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ပြီး နေအိမ်များပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် မြို့ဦးစေတီတော် ရင်ပြင်တော်ကြမ်းခင်း ပေ ၁၀၀ ခန့် ကျွံကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်နယ်များမှ တပ်မတော်သားများသွားရောက်၍ ရေဘေးသင့် ပြည်သူများအား ရေဘေးကင်းလွတ်ရာ နေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ အပျက်အစီးများ ရှင်းလင်းခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင်ပေးခြင်း စသည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးပြီး ဆန်၊ ကြက်ဥ၊ ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါကျေးရွာများတွင် လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး ပင်လယ်ဒီရေလှိုင်းရိုက်ခတ်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် ရေဘေးကင်းလွတ်ရာနီးစပ်ရာ ဆွေမျိုးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ယာယီရွှေ့ပြောင်း နေထိုင်လျက်ရှိသည်။ နယ်မြေခံတပ်မတော်သား များအနေဖြင့် မိမိနယ်မြေအတွင်း ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲ ဖြစ်နေသူများကို ဆက်လက် အကူအညီ ပေးလျက်ရှိသည်။

ပြည်သူလူထုအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်  တပ်မတော်က အမြဲအသင့်ရှိနေသည်။ စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဘုတ်ပြင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၀ ဒသမ ၅ မိုင်ခန့်အကွာ၌ စက်လှေတစ်စင်း ရေဝင်နစ်မြုပ်မှုဖြစ်ပွားကြောင်း သိလျှင်သိချင်း တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အဆိုပါစက်လှေမှာ လှေသားခြောက်ဦးလိုက်ပါလာသော စိုးစန္ဒာအမည်ရှိ ကင်းမွန် မီးထွန်းလှေတစ်စင်းဖြစ်ပြီး လှေသားခြောက်ဦးအား တပ်မတော်(ရေ)မှ ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကာ လှေပိုင်ရှင်ဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ တပ်မတော်သားတို့၏ အချိန်မီ ကူညီကယ်ဆယ်မှုကြောင့် လူသားတို့အသက်ကို ကောင်းစွာ ကယ်တင်နိုင်ခဲ့သည်။ လှိုင်းလေပြင်းထန်သော ပင်လယ်ပြင်တွင် လူသားတို့၏အသက်ကိုကယ်တင်ရသည်မှာလွန်စွာခက်ခဲသည်။ စွန့်စားရသော အလုပ်လည်းဖြစ်သည်။ အဆင်မသင့်လျှင် ကူညီကယ်ဆယ်သောသူများသည်ပင် ဒုက္ခနှင့်ကြုံတွေ့နိုင်သည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေလှိုင်းများရိုက်ခတ်မှုကြောင့် စက်တင်ဘာ ၂၀ ရက် နံနက်တွင် ဇီးဖြူသောင်ကျေးရွာရှိ နေအိမ် ၁၈ လုံး ပြိုကျပျက်စီးခဲ့သည်။ အဆိုပါ ကျေးရွာသို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများသွားရောက်ပြီး ရေဘေးသင့်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ အပျက်အစီးများ ရှင်းလင်းခြင်းများ ဆောင်ရွက်သည်။ ဆန် ၁၀ အိတ်၊ ခေါက်ဆွဲခြောက် ၁၀ ဖာ၊ စားသုံးဆီ ၁ လီတာဘူး ၁၈ ဘူးနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့သည်။

တပ်မတော်သားများသည်ကား ကူညီကယ်ဆယ်ရေး ပညာရပ်ပိုင်းဆိုင်ရာများတွင် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ထားသူများ ဖြစ်သည်နှင့်အညီ လူသားတို့၏ အသက်အန္တရာယ်ကို ကာကွယ်ကူညီပေးနိုင်လေသည်။

မိုးလေဝသသတင်းများအရ မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိပြီးဖြစ်ပေရာ ကုန်းမြင့်ဒေသများတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို သတိထားရန်လိုအပ်သည်။ မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှု အန္တရာယ်များကို ကြုံတွေ့နိုင်သည်။ ပင်လယ်နှင့်နီးသော ဒေသများတွင် ဒီရေလှိုင်းများ အန္တရာယ်နှင့်ကြုံနိုင်သည်။ တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကို ထာဝစဉ်သယ်ပိုးနေကြသူများ ပီပီ ပြည်သူများဘေးအန္တရာယ် တစ်စုံတစ်ခုဖြစ်ခဲ့လျှင် အချိန်နှင့်တစ်ပြေးညီကူညီရန် အသင့်ရှိနေပါကြောင်း  ရေးသား လိုက်ရပေသည်။  ။