ကမ္ဘာကြီး တည်ငြိမ်အေးချမ်းမှုကို အကြီးမားဆုံး ခြိမ်းခြောက်နေသူမှာ အမေရိကန်ပင်ဖြစ်ဟု တရုတ်ပြော

ကမ္ဘာကြီး တည်ငြိမ်အေးချမ်းမှုကို အကြီးမားဆုံး ခြိမ်းခြောက်နေသူမှာ အမေရိကန်ပင်ဖြစ်ဟု တရုတ်ပြော

ကမ္ဘာကြီး တည်ငြိမ်အေးချမ်းမှုကို အကြီးမားဆုံးခြိမ်းခြောက်နေသူမှာ အမေရိကန်ပင်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက ဇန်နဝါရီ ၂၁ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံ၏ နျူကလီးယား စွမ်းဆောင်ရည်များ တိုးတက်လာမှုနှင့်  ပတ်သက်၍ အမေရိကန်နှင့် ဂျပန်တို့က သတိပေးစကား ဆိုလာပြီးနောက် ကျောင်းလီကျန်းက ယခုကဲ့သို့ ထုတ်ဖော်ပြောခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် နျူကလီးယား စွမ်းဆောင်ရည်များကို တိုးမြှင့်နေကြောင်း၊ နျူကလီးယား အန္တရာယ်များ လျော့နည်း ကျဆင်းရေး လုပ်ဆောင်မည့် အစီအစဉ်များ ကို ထုတ်ပြန်ပေးရန်၊ ပိုမိုပွင့်လင်း မြင်သာမှုရှိရန်၊ နျူကလီးယား လက်နက်ဖျက်သိမ်းရေးကို ရှေ့တိုး လုပ်ဆောင်ရန် အမေရိကန် နှင့်ဂျပန်တို့က တောင်းဆိုထားသည်။

ထိုနှစ်နိုင်ငံက နျူကလီးယား လက်နက်များ မပြန့်ပွားစေရေး သဘောတူ စာချုပ်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တစ်ရပ် တွင် ယခုကဲ့သို့ ထည့်သွင်း တောင်းဆိုထားခြင်းဖြစ်သည်။

ထို့နောက် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များကို အများဆုံး ပိုင်ဆိုင်ထားသည့်  အမေရိကန်နိုင်ငံသည်သာ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေသည့် နိုင်ငံဖြစ်ကြောင်းနှင့် ထိုနိုင်ငံသည် ဒုံးကျည် ကာကွယ်ရေး စနစ်များကို ကမ္ဘာတစ်ဝန်းတွင် ဖြန့်ကြက်ချထားကြောင်း ကျောင်းလီကျန်းက ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌  ပြောလာခြင်း ဖြစ်သည်။

အမေရိကန်အနေဖြင့်     ထိုသို့ကမ္ဘာ့ အများဆုံးနှင့် အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားသည့်တိုင် ၎င်းတို့၏နျူကလီးယား ထောက်တိုင်သုံးခုကို အဆင့်မြှင့်တင်ရေး အတွက် ဒေါ်လာထရီလီယံပေါင်း များစွာ ရင်းနှီးမြှုပ်နှံနေကြောင်း၊ ပုံမှန်ထက်ပေါက်ကွဲမှုအား နည်းပါးသည့် နျူကလီးယား လက်နက်များကိုလည်း ဖန်တီးထုတ်လုပ်နေကြောင်းနှင့်  နျူကလီးယား လက်နက်များ အသုံးပြုခြင်းအတွက် စံသတ် မှတ်ချက်များကို   လျှော့ချ သတ်မှတ်နေကြောင်း ကျောင်းလီကျန်းက ဆက်ပြောသည်။

ထို့ကြောင့် အမေရိကန်သည် တရုတ် နိုင်ငံကိုမဝေဖန်မီ ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်သင့်ကြောင်းနှင့်    အခြားနိုင်ငံများ အတွက် စံနမူနာကောင်း ဖြစ်စေရန် လက်ဝယ်ရှိ  နျူကလီးယားလက်နက်များကို လျှော့ချသင့်ကြောင်း   အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အလားတူ ဂျပန်နိုင်ငံသည် လက်နက်ထုတ်လုပ်နိုင်သော အဆင့်ရှိ ပလူတိုနီယံ ပမာဏ အများအပြားကို လက်ဝယ်ပိုင်ဆိုင်ထားပြီး နျူကလီးယား လက်နက်ကိုဦးစွာ အသုံးမပြုဟူသော အမေရိကန်၏ မူဝါဒကို အသည်းအသန် ကာကွယ်နေရကြောင်း ၎င်းကတုံ့ပြန်ထားသည်။

တရုတ်နိုင်ငံကမူ ခံစစ်အပြုအမူရှိသော နျူကလီးယား မဟာဗျူဟာနှင့် နျူကလီး ယား လက်နက်များကို ဦးစွာ အသုံးမပြု ဟူသော  မူဝါဒတို့ကို   ခိုင်ခိုင်မာမာ ဆက်လက်စွဲကိုင် သွားမည်ဖြစ်ကြောင်း ကျောင်းလီကျန်းက   ပြောထားသည်ဟု သိရသည်။