အာကာသအခြေပြု ဖျော်ဖြေရေး စတူဒီယိုကို နှစ်နှစ်အတွင်း လွှတ်တင်မည်

အာကာသအခြေပြု ဖျော်ဖြေရေး စတူဒီယိုကို နှစ်နှစ်အတွင်း လွှတ်တင်မည်

ဗြိတိန်နိုင်ငံအခြေစိုက် မီဒီယာကုမ္ပဏီ တစ်ခုက အာကာသအခြေပြု ဖျော်ဖြေရေး စတူဒီယိုကို နှစ်နှစ်အတွင်း လွှတ်တင်မည် ဖြစ်ကြောင်း သိရသည်။

Space Entertainment Enterprise  ကုမ္ပဏီက နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်မည့် ရုပ်ရှင်စတူဒီယိုနှင့် အားကစားကွင်းတို့ကို ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလတွင် လွှတ်တင် သွားမည်ဖြစ်သည်။

အဆိုပါဖျော်ဖြေရေး စတူဒီယိုသည် ဖန်တီးနိုင်စွမ်းရှိသော ကမ္ဘာသစ်တစ်ခုကို ထုတ်ဖော်ပြသသွားမည်ဖြစ်ပြီး အာကာသတွင် စိတ်လှုပ်ရှားဖွယ် ကောင်းသည့် အခန်းသစ်တစ်ခုကိုစတင်ခြင်းဖြစ်ကြောင်း ထိုစီမံကိန်းကို ဖော်ဆောင်သူများက ပြောသည်။

ထိုစတူဒီယိုတွင် ရုပ်ရှင်များ ရိုက်ကူးခြင်း၊ အားကစားပွဲများ ကျင်းပခြင်းတို့ကို ဆောင် ရွက်နိုင်မည် ဖြစ်ပြီး အနုပညာရှင်များ၊ ထုတ်လုပ်သူများ၊ တီထွင်ဖန်တီးသူများ အနေဖြင့် အနိမ့်ပျံပတ်လမ်းအတွင်း နေထိုင်ကာ အနုပညာများကို ပုံဖော်နိုင်ရေး   ရည်မှန်းထား ကြောင်း စီမံကိန်း ဖော်ဆောင်သူများက ဆက်ပြောသည်။

ယင်းစတူဒီယို၏ ပွဲဦးထွက် ရုပ်ရှင်ကို တွမ်ခရု(စ်)ပါဝင် သရုပ်ဆောင်သော ဇာတ်ကားရိုက်ကူးခြင်းဖြင့် စတင်သွားမည်ဖြစ်ပြီး တွမ်ခရု(စ်)သည်  ယခုနှစ်ကုန်တွင်  နိုင်ငံတကာ အာကာသစခန်းသို့ သွားမည်ဖြစ်သည်။

အဆိုပါစတူဒီယို အနေဖြင့် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ရုပ်ရှင်ရိုက်ကူးမှုကို လက်လွှတ်လိုက်ရသော်လည်း   ကမ္ဘာ့ပထမဆုံး အာကာသအခြေပြု အားကစားပွဲ ကျင်းပမှုကို  တိုက်ရိုက်ထုတ်လွှင့်ခွင့် ရှိနေဆဲဖြစ်ကြောင်း သိရသည်။