ဆော်ဒီ၏ ညွန့်ပေါင်းတပ်ဖွဲ့က ယီမင်အကျဉ်းထောင်ကို လေကြောင်းတိုက်ခိုက် လူများစွာ သေဆုံး

ဆော်ဒီ၏ ညွန့်ပေါင်းတပ်ဖွဲ့က ယီမင်အကျဉ်းထောင်ကို လေကြောင်းတိုက်ခိုက် လူများစွာ သေဆုံး

ဆော်ဒီအာရေးဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် ယီမင်နိုင်ငံ၏ အကျဉ်း ထောင်တစ်ခုကို လေကြောင်းတိုက်ခိုက် မှုပြုလုပ်ခြင်းကြောင့်  လူများစွာ သေဆုံးကြောင်း  ကယ်ဆယ်ရေးဝန်ထမ်းများက ဇန်နဝါရီ ၂၁ ရက်တွင်ပြောသည်။

ဟူသီသူပုန်များ၏ ခြေကုပ်နေရာဖြစ်သော ဆာနား၌ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်း များသည် အကျဉ်းထောင် အဆောက်အအုံ၏ အပျက်အစီးများကြားမှ အလောင်းများကို ရှာဖွေဆွဲထုတ် စုပုံနေသော  ပုံရိပ်များကို ယီမင်သတင်းဌာန တစ်ခုက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုမှ ဒဏ်ရာရရှိသူ အယောက် ၂ဝဝ ခန့်သည် ဆာနားဆေးရုံသို့ ရောက်ရှိလာသည့်အတွက် နောက်ထပ်လူနာများကို လက်မခံနိုင်တော့ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောသည်။

လက်ရှိအချိန်တွင်   ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ မည်မျှရှိသည်ကို အတိအကျ မပြောနိုင်သေးသော်လည်း  ယင်းတိုက်ခိုက်မှုသည် လွန်စွာထိတ်လန့်ဖွယ် ကောင်းသည့် တိုက်ခိုက်မှုဖြစ်ကြောင်း ယီမင်နိုင်ငံဆိုင်ရာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ခေါင်းဆောင်   အာမတ်မာဟတ်ကပြောသည်။

အီရန်ထောက်ခံသည့် ဟူသီသူပုန်များက အာရပ်စော်ဘွားများ နိုင်ငံကို  ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်ပြီးနောက် ငါးရက်အကြာတွင် အကျဉ်းထောင် တိုက်ခိုက်ခံရမှုဖြစ်ပွားခြင်းဖြစ်သည်။

ဟူသီသူပုန်များ၏  တိုက်ခိုက်မှုတွင် လူသုံးဦး သေဆုံးကြောင်းနှင့် အာရပ်စော်ဘွားများနိုင်ငံ၏ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဟူသီသူပုန်များ၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍   အရေးပေါ် အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။