တာလီဘန်အတွက်သာမက အာဖဂန်ပြည်သူ သန်းပေါင်းများစွာအတွက် အရေးပါသည့် နော်ဝေ အကူအညီပေးရေး ဆွေးနွေးပွဲ

အာဖဂန်နစ္စတန်၌ လူသားချင်းစာနာမှုဆိုင်ရာ   အကူအညီများ ရရှိရေးအတွက်    တာလီဘန်အဖွဲ့နှင့်  အနောက်နိုင်ငံများကြား ပထမဆုံးသော တွေ့ဆုံဆွေးနွေးပွဲကို နော်ဝေနိုင်ငံ  အော့စလိုမြို့၌   မကြာမီကျင်းပမည်ဖြစ်ကြောင်း တာလီဘန်အဖွဲ့နှင့်  နော်ဝေအစိုးရတို့က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသည် အာဖဂန်နစ္စတန်၌ တာလီဘန်တို့ အာဏာပြန်လည်ရရှိပြီး  ပထမအကြိမ် ကျင်းပမည့်  တရားဝင်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာမည် ဖြစ်သည်။

တာလီဘန်နှင့်    အနောက်နိုင်ငံများကြား အဆိုပါ ဆွေးနွေးပွဲကို    လာမည့်တစ်ပတ်အတွင်း ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးမည့် အနောက်နိုင်ငံများတွင် ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အမေရိကန်တို့ ပါဝင်မည်ဖြစ်သည်။

လက်ရှိ အာဖဂန်နစ္စတန်၌ ဖြစ်ပွားနေသည့်   လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေသော   အခြေအနေများနှင့် စပ်လျဉ်း၍ အနောက်နိုင်ငံများက စိုးရိမ်လျက်ရှိကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး အန်နီကင်ဟွီဖယ့်ကပြောသည်။

အဘယ်ကြောင့်ဆိုသော်   အာဖဂန်ပြည်သူသန်းပေါင်းများစွာမှာ လက်ရှိတွင် လူသားချင်းစာနာမှု ဆိုင်ရာ   အကူအညီများ လိုအပ်နေသောကြောင့်ပင်ဖြစ်သည်။

အာဖဂန်၏ အခြေအနေမှာ ၂၀၂၁ ခုနှစ်သြဂုတ်လမှစ၍  ဆိုးရွားလာခြင်းဖြစ်ပြီး နိုင်ငံအား တာလီဘန်များက  ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် အမေရိကန်နှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက ၎င်းတို့ပေးအပ်နေသည့် အကူအညီများကို ရပ်ဆိုင်းလိုက်သည့်အပြင်  အာဖဂန်ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံခန့်ရှိ ငွေကြေးများကို အမေရိကန် အစိုးရက   ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်းတွင် အခြေအနေမှာ  အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အာဖဂန်ပြည်သူ ၂၃ သန်းခန့်(စုစုပေါင်း လူဦးရေ၏  ၅၅ ရာခိုင်နှုန်း) မှာ ယခုအခါ အစားအစာငတ်မွတ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။   အဆိုပါ အခြေအနေကို    ဖြေရှင်းနိုင်ရေးအတွက် အလှူရှင်နိုင်ငံများထံမှ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် လိုအပ်နေခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင်  တာလီဘန်အဖွဲ့အနေဖြင့်  နိုင်ငံအတွင်း   ဖြစ်ပွားနေသည့် အခြေအနေကို    အရေးပေါ်ဖြေရှင်းနိုင်ရေးအတွက် အနောက်နိုင်ငံများနှင့်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ရဖွယ်ရှိသည်။

နော်ဝေနိုင်ငံ၌ကျင်းပမည့်    တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန်  တာလီဘန်အဖွဲ့၏ ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီး    အမီယာခန်းမွတ်တာကီက ဦးဆောင်မည်ဖြစ်သည်။

တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်အား ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ယင်းအဖွဲ့အနေဖြင့်  နိုင်ငံအား  မည်သို့မည်ပုံအုပ်ချုပ်မည်ကို နိုင်ငံတကာက သတိထားစောင့်ကြည့်လျက်ရှိသည်။    လက်ရှိတွင် တာလီဘန်အဖွဲ့အား  မည်သည့်နိုင်ငံကမျှ အသိအမှတ်ပြုထားခြင်း မရှိသေးသော်လည်း အီရန်၊ တူရကီ၊ ရုရှား၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့က    ၎င်းတို့၏သံရုံးများကို  ကဘူးမြို့၌ ဆက်လက် ဖွင့်လှစ်ထားကြဆဲဖြစ်သည်။

ထို့ကြောင့် တာလီဘန်အဖွဲ့နှင့် အနောက်နိုင်ငံများကြား မကြာမီကျင်းပမည့် ဆွေးနွေးပွဲသည်  တာလီဘန်အဖွဲ့အတွက် သာမက အာဖဂန်ပြည်သူများအတွက်ပါ အရေးပါ လျက်ရှိသည်။ အကြောင်းမှာ ဆွေးနွေးပွဲ၌ တိုးတက်မှုတစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိပါက သန်းပေါင်းများစွာသော အာဖဂန်ပြည်သူများအနေဖြင့်    ခက်ခဲကြမ်းတမ်းသည့် အခြေအနေများနှင့်   ဆက်လက်ရင်ဆိုင်ရမည် ဖြစ်သောကြောင့် တာလီဘန်အဖွဲ့အနေဖြင့် ဆွေးနွေးပွဲတွင် အလျှော့ပေးမှုများ လုပ်ဆောင်လာဖွယ်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။  

Ref: CNA