အာကာသမှ လာသည်ဟု ယူဆရသော ၅၅၅ ဒသမ ၅၅ ကာရက်ရှိ အနက်ရောင်စိန်ကို လေလံတင်မည်

ကမ္ဘာအပြင်ဘက် အာကာသမှလာသည် ဟုယူဆရသော အလေးချိန် ၅၅၅ ဒသမ ၅၅ ကာရက်ရှိ အနက်ရောင်စိန်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့တွင် ခင်းကျင်းပြသထားပြီး ဖေဖော်ဝါရီလတွင် လန်ဒန်မြို့၌ လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစိန်၏  အရွယ်အစားသည် ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်ကြောင်းနှင့် ထိုစိန်ကို ဒူဘိုင်းနှင့် လော့အိန်ဂျလိမြို့တို့၌ ခင်းကျင်းပြသပြီးနောက် စတာလင်ပေါင် ငါးသန်းဖြင့် ရောင်းချရန် မျှော်မှန်းထားကြောင်း လေလံကုမ္ပဏီက ပြောသည်။

ကာဘွန်နာဒိုစိန်များဟုလည်း ခေါ်သော အနက်ရောင်စိန်များသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂ ဒသမ ၆ နှင့် ၃ ဒသမ ၈ ဘီလီယံကြား ရှိနိုင်ပြီး အာကာသတွင် တွေ့ရသော နိုက်ဒရိုဂျင်နှင့် ဟိုက်ဒရိုဂျင်များအပြင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများတွင်သာ တွေ့ရသော  အော့စဘိုနိုက်သတ္တုဓာတ် လည်းပါဝင်သည်။ ထိုအနက်ရောင်စိန်သည် စစ်မှန်သည့် သဘာဝဖြစ်စဉ်သာဖြစ်ကြောင်း လန်ဒန်မြို့ရှိ လေလံကုမ္ပဏီမှ ကျောက်မျက်ရတနာ အထူးကျွမ်းကျင်ပညာရှင် နစ်ကီတာဘီနာနီက ပြောသည်။

အဆိုပါစိန်ကို ရောင်းချမှုသည် အရှားပါးဆုံး အရာတစ်ခုကို ရရှိရန် တစ်သက်တွင် တစ်ခါသာရသော  အခွင့်အရေးနှင့် တူကြောင်း ၎င်းကဆက်ပြောထားသည်။

Ref: CNN