ထပ်တိုးကာကွယ်ဆေးထိုးမှုက အိုမီခရွန်ကို တိုက်ဖျက်ရေးတွင် အရေးပါဟုဆို

ထပ်တိုးကာကွယ်ဆေးထိုးမှုသည် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကို တိုက်ဖျက်ရန် အရေးပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးသည်ကို တွေ့ရကြောင်း   အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ဇန်နဝါရီ ၂၁ ရက်တွင်ထုတ်ပြန်သည်။

အမေရိကန်၌ ကူးစက်မြန် အိုမီခရွန်ဗီဇပြောင်းရောဂါပိုးအပေါ် ထပ်တိုးကာကွယ်ဆေးထိုးခြင်း၏ သက်ရောက်မှုနှင့် ပတ်သက်၍ CDC က ပထမဆုံးလေ့လာမှု ပြုလုပ်ခြင်းဖြစ်သည်။

လေ့လာမှုများအရ ထပ်တိုးကာကွယ်ဆေးထိုးမှုသည်   ရောဂါပိုးကူးစက်မှုနှင့် လက္ခဏာပြသော ရောဂါဖြစ်ပွားမှုတို့ကို ကာကွယ်ပေးပြီး အသက် ၅၀ နှင့်အထက်သက်ကြီးရွယ်အိုများက ထပ်တိုးကာကွယ်ဆေးထိုးခြင်း၏ အကျိုးကျေးဇူးကို ပိုမိုရရှိကြောင်း သုတေသနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိုမီခရွန်ရောဂါပိုးကူးစက်မှုနှင့်   ထိုကူးစက်မှုကြောင့် ဆေးရုံတက်ရောက်ရမှုကို ကာကွယ်ပေးမှုသည်    လက်ရှိထပ်တိုး ကာကွယ်ဆေးထိုးပြီးသူများတွင်  အများဆုံးဖြစ်ကြောင်း   CDC ညွှန်ကြားရေးမှူး ဒေါက်တာရိုချယ်လီဝယ်လန်စကီက ပြောသည်။

CDC အနေဖြင့် ၂၀၂၁ ခုနှစ် သြဂုတ် ၂၆ ရက်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်ကြားတွင် ပြည်နယ် ၁၀ ခုရှိ ဆေးရုံတက်ရောက်မှု၊ အရေးပေါ်ဌာနနှင့် အရေးကြီးကုသမှုဌာနတို့သို့ လူနာများရောက်ရှိမှုကို လေ့လာခဲ့ခြင်းဖြစ်သည်။

ထိုလေ့လာမှုတွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားခြင်းကြောင့် ဆေးရုံတက်ရမှုပမာဏသည် ၅၇ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ထပ်တိုးကာကွယ်ဆေးထိုးခြင်းကြောင့် ဆေးရုံတက်ရခြင်းမှ  ကာကွယ်နိုင်မှုသည် ၉၀ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်။

အခြားသောနိုင်ငံများက  လုပ်ဆောင်သော သုတေသနများတွင်လည်း ထပ်တိုးကာကွယ် ဆေးထိုးခြင်းသည် အိုမီခရွန်ထက် ကူးစက်မြန်ပြင်းထန်သော ဒယ်တာဗီဇပြောင်းရောဂါပိုးကူးစက်မှုကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

Ref: CNA