ဝက်ဖို့ဒ်အသင်းက နည်းပြရေနီယာရီကို ထုတ်ပယ်ရန်ပြင်ဆင်နေပြီး တစ်ရာသီအတွင်း  ဒုတိယအကြိမ် နည်းပြ အပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်

ဝက်ဖို့ဒ်အသင်းက နည်းပြရေနီယာရီကို ထုတ်ပယ်ရန်ပြင်ဆင်နေပြီး တစ်ရာသီအတွင်း  ဒုတိယအကြိမ် နည်းပြ အပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်

ဝက်ဖို့ဒ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၃)အဖြစ် ကစားခဲ့သည့် နောဝှစ်ချ်အသင်းနှင့် ပွဲစဉ်တွင် သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိနည်းပြ ရေနီယာရီကို ထုတ်ပယ်ပြီး    ယခုဘောလုံးရာသီအတွင်း ဒုတိယအကြိမ် နည်းပြအပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဝက်ဖို့ဒ်အသင်းသည်  ယခုဘောလုံးရာသီတွင် ရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့်   ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်က ကစားခဲ့သည့် လိဒ်အသင်းနှင့် ပွဲစဉ်အပြီးတွင် နည်းပြဇစ်ကိုအား ရာထူးမှထုတ် ပယ်ပြီး  လက်စတာအသင်း နည်းပြဟောင်း  ရေနီယာရီကို အောက်တိုဘာ  ၁၆ ရက်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

နည်းပြ ရေနီယာရီသည် လက်စတာအသင်းကို ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ တာဝန်ယူ ကိုင်တွယ်ခဲ့ရာတွင် ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီးများကို ကျော်ဖြတ်ပြီး  ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ဝက်ဖို့ဒ်အသင်းကလည်း အသင်းရလဒ်ပိုင်းများ  ပြန်လည်တည်ငြိမ်ရန် ရေနီ ယာရီကို နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ရေနီယာရီအနေဖြင့် လက်ရှိအချိန်ထိ ဝက်ဖို့ဒ်အသင်းကို   ရလဒ်ကောင်းများ ရရှိစေရန် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးဘဲ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ပွဲ တာဝန်ယူကိုင်တွယ်ရာတွင်  နှစ်ပွဲသာ အနိုင်ရရှိပြီး  တစ်ပွဲသရေရလဒ်နှင့်  ၁၁ ပွဲအထိ ရှုံးနိမ့်ခဲ့သည်။

လက်ရှိတွင် ဝက်ဖို့ဒ်အသင်း အနေဖြင့် ရမှတ် ၁၄ မှတ်ဖြင့် တန်းဆင်းဇုန်ဖြစ်သည့် အဆင့်(၁၉)နေရာ၌ ရပ်တည်နေသောကြောင့် တန်းမဆင်းရရေး အတွက် နည်းပြအပြောင်းအလဲ ထပ်မံပြုလုပ်ရန်  ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။