အားကစားဖြင့် နိုင်ငံတော်ကိုအလှဆင်

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း သတင်းကို တွေ့မြင်လိုက်ရသည်မှာ မမြင်ရတာကြာပြီ ဖြစ်သောမြင်ကွင်းတစ်ခုကို ကြည့်လိုက် ရခြင်းပင် ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူစုလူဝေးလှုပ်ရှားမှုများကို ရပ်တန့်ထားခဲ့သည်မှာ အချိန်ကာလအားဖြင့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်လူငယ်လူရွယ်တို့၏ အားကစားပြိုင်ပွဲများ မကျင်းပခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ ၁ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အားကစားပြိုင်ပွဲများကို ပြန်လည်ကျင်းပနေခြင်း ဖြစ်သည်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးမှာ     အားကစားကဏ္ဍမြှင့်တင်နိုင်ရေးသည်  အဓိကအခန်းကဏ္ဍ ဖြစ်သည်။ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကို သီးခြားပြန်လည်ဖွင့်လှစ်ပြီး  အားကစားမြှင့်တင်ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အားကစားကွင်းများ၊ ခရိုင် အဆင့်အားကစားကွင်းများကိုလည်း အဆင့်မြှင့်တင်ပေးလျက်ရှိသည်မှာ မြန်မာ့အားကစားမြင့်မားလာရေး အတွက်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က မြန်မာ့အားကစားမြင့်မားရေးကို အထူးစိတ်ဝင်စား စွာဆောင်ရွက်လျက်ရှိသည်။ ယခုကျင်းပသည့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အသက် (၂၅)နှစ် အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ကြသည့်မြင်ကွင်းမှာ ပရိသတ်တို့ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနှင့် ကြည့်ကြရသည်။ နောက်ဆုံးတွင် ရခိုင်ပြည်နယ် အသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး-၂ ဂိုးဖြင့်အနိုင်ရရှိသွားခဲ့သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့က ပထမဆုရရှိသည့် ရခိုင်ပြည်နယ် အသင်းအား ငွေသားဆုနှင့်တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များက နေရာအလိုက် အကောင်းဆုံးဆု ရရှိသူတစ်ဦးချင်းကို ဆုတံဆိပ်နှင့် ငွေသားများချီးမြှင့်ကြသည်။

အကောင်းဆုံး ဂိုးသမားဆုကို ရခိုင်ပြည်နယ်အသင်းမှ မတိုးရတနာစု၊ အကောင်းဆုံးနောက်တန်းကစားသမားဆုကိုရှမ်းပြည်နယ်အသင်းမှမဖြူဖွေး၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကို ရခိုင်ပြည်နယ်အသင်းမှ မလှမြတ်သူ၊ အကောင်းဆုံးအလယ်တန်းကစားသမားဆုကို မွန်ပြည်နယ်အသင်းမှ မအင်ကြင်းမွှေး၊ အကောင်းဆုံးရှေ့တန်း ကစားသမားဆုကို   ရှမ်းပြည်နယ်အသင်းမှ မနန်းဖြူဖြူသွယ် စသည်ဖြင့်ဆုများ အသီးသီးရရှိကြသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက် (၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရခိုင်ပြည်နယ်အသင်း၊ ဒုတိယဆုရှမ်းပြည်နယ်အသင်း၊ တတိယဆုမွန်ပြည်နယ်အသင်း၊ စတုတ္ထဆု ရန်ကုန်တိုင်းဒေသကြီး အသင်းတို့က အသီးသီး ရရှိခဲ့ကြသည်။ အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိပြိုင်ပွဲဝင်အသင်းပေါင်း ၁၃ သင်းမှ ပြိုင်ပွဲဝင်အားကစားသမား ၂၈၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဘောလုံးအားကစားသည် မြန်မာတို့အကြိုက်ဆုံး အားကစားဖြစ်သလို ကမ္ဘာတွင် တွင်ကျယ်စွာ ကစားနေသော အားကစားလည်းဖြစ်သည်။ အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲစသည့် ပြိုင်ပွဲတိုင်းတွင် မပါမဖြစ်သော အဓိကအားကစားဖြစ်သည်။  ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ ကမ္ဘာ့တိုက်ကြီးများ ဖလားဘောလုံးပြိုင်ပွဲ၊ ဥရောပဖလားဘောလုံးပြိုင်ပွဲ၊ နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိသည့် League  ပြိုင်ပွဲများသည် ဘောလုံးသီးသန့် ယှဉ်ပြိုင်ပွဲများ ဖြစ်သည်။  မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းမှာ ယခင်ကအာရှနှင့် အရှေ့တောင်အာရှတွင် ရွှေတံဆိပ်များဖြင့် အဆင့်အတန်းမြင့်မားခဲ့သော သမိုင်းကြောင်းရှိသည်။

ယနေ့လူငယ်မောင်မယ် ဘောလုံးအားကစားသမားများအနေဖြင့် ကျွန်ုပ်တို့သည် အားကစားသမား ကောင်းတစ်ယောက် ဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့သည် နိုင်ငံနှင့်နိုင်ငံသား တို့အပေါ်တွင် သစ္စာရှိပါမည်။ ကျွန်ုပ်တို့သည် အားကစားသမား အချင်းချင်း ပူးပေါင်းချစ်ကြည်မှုရရှိပြီး အားကစားလောကတိုးတက်မြင့်မားအောင်ကြိုးပမ်းဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့သည် အရှုံးမပေးသောဇွဲစိတ်ဓာတ်ကို အရင်းခံ၍တရားသော ယှဉ်ပြိုင်အနိုင်ရသည်အထိ ကြိုးစားဆောင်ရွက်ပါမည် ဟူသော မြန်မာ့အားကစားအဓိဋ္ဌာန်(၄)ချက်အတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်ပေသည်။ အထူးသဖြင့် အားကစားစိတ်ဓာတ်ထားရှိ၍ အကောင်းဆုံး ကစားနိုင်ခြင်းသည် တစ်ဦးချင်းအတွက် သော်လည်းကောင်း၊ နိုင်ငံတော်အတွက် သော်လည်းကောင်း ဂုဏ်ယူဖွယ်ဖြစ်သည်။ ထို့ကြောင့်နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများကို ချီးမြှင့်ခြင်း ဖြစ်သည်။

အနှစ်ချုပ်ဆိုရလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးဦးစားပေး လုပ်ဆောင်နေချိန်တွင် အားကစားသမားတို့က အကောင်းဆုံး စွမ်းရည်စွမ်းအားများဖြင့် အားကစားအောင်နိုင်ခြင်းဖြင့် နိုင်ငံတော်ကို အလှဆင်ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။   ။