အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆို

အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆို

စစ်တွေ ဇန်နဝါရီ   ၂၃

၂ဝ၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့နံနက်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်မှ    စစ်တွေမြို့သို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊  ရခိုင်ပြည်နယ် ယဉ်ကျေးမှု အဖွဲ့မှ  သမီးပျိုလေးများနှင့်အတူ  ရခိုင်စည်တော်အဖွဲ့တို့က    အောင်စည်တီး၍ ဂုဏ်ပြုကြိုဆိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက လေဆိပ်ဧည့်ခန်းမဆောင်၌ အောင်ပွဲရ အားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများအား တွေ့ဆုံကာ  နှုတ်ဆက်ဂုဏ်ပြု စကားပြော ကြားကြသည်။  ဆက်လက်၍  အောင်ပွဲရအားကစားသမားများသည်   အုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ   စစ်တွေလေဆိပ်မှ မော်တော်ယာဉ်ဖြင့်  လေယာဉ်ကွင်းလမ်း၊ လေယာဉ်ကွင်းလမ်းဆုံမှ မေယုလမ်းအတိုင်း နာရီစင်အထိ၊  ထိုမှတစ်ဆင့် လမ်းမကြီးအတိုင်း၊ လမ်းမကြီးမှ  စက်ရုံလမ်း၊  ထိုမှတစ်ဆင့် မင်းဗာကြီးလမ်းအတိုင်း၊ မင်းဗာကြီးလမ်းမှ မေယုလမ်းရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးထိ လှည့်လည်ပြီး ဂုဏ်ပြုအောင်ပွဲ ခံကြသည်။

အောင်ပွဲရ အားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများသည် စစ်တွေမြို့တွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ဂုဏ်ပြု အောင်ပွဲခံကြစဉ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  လူမှုရေးအသင်း အဖွဲ့များ၊    အားကစား ဝါသနာရှင်မိဘပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုကြပြီး ဂုဏ်ပြုပန်းစည်းများ၊ ဆုတော်ငွေများ၊ အချိုရည်၊ သောက်ရေသန့်နှင့် အောင်သပြေများဖြင့်  ဂုဏ်ပြုချီးမြှင့် ကြိုဆိုကြသည်။

အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် ပွဲစဉ်အုပ်စုပွဲတွင် နေပြည်တော် အမျိုးသမီး အသင်းကို ၅ ဂိုး ၁ ဂိုး၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ၁ ဂိုး၊ ကွာတားဖိုင်နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၃ ဂိုး  ၂ ဂိုး၊ ဆီမီးဖိုင်နယ်တွင် မွန်ပြည်နယ်အသင်းကို ၃ ဂိုး ဂိုးမရှိနှင့် ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိပြီး တံခွန်စိုက်ဒိုင်းဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။

၂ဝ၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက်   အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ဇန်နဝါရီ ၇ ရက်မှ  ၂၁ ရက်ထိ  နေပြည်တော်ရှိ   ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ပြိုင်ပွဲဝင်အသင်း  ၁၃ သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။