အိန္ဒိယနိုင်ငံ၌ ကိုဗစ်ကူးစက်မှု လာမည့် သီတင်းပတ်များတွင် သိသာစွာ မြင့်တက်လာဖွယ်ရှိ

အိန္ဒိယနိုင်ငံ၌ ကိုဗစ်ကူးစက်မှု လာမည့် သီတင်းပတ်များတွင် သိသာစွာ မြင့်တက်လာဖွယ်ရှိ

အိန္ဒိယနိုင်ငံ၌  အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကြောင့်ဖြစ်သည့် ကိုဗစ်ကူးစက်မှုသည် လာမည့် သီတင်းပတ်များတွင် သိသာစွာ မြင့်တက်လာဖွယ် ရှိကြောင်း ထိပ်တန်းကျွမ်းကျင် ပညာရှင်အချို့က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါရောဂါပိုးသည် ပြည်တွင်း ကူးစက်မှုဖြစ်ပွားသည့် အဆင့်သို့  ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ဆေးရုံများတွင် လူနာများ ပိုမိုများပြားလာသည်ကို မြင်တွေ့နေရကြောင်း ၎င်းတို့က ဆက်ပြောသည်။

ဇန်နဝါရီ ၂၄ ရက်အထိ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါပိုး ကူးစက်ခံရသူ ၃ဝ၆ဝ၆၄ ဦးနှင့် သေဆုံးသူ ၄၃၉ ဦးရှိ ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ရောဂါပိုးကူးစက်ခံရသူ ပမာဏသည် ပြီးခဲ့သည့်လေးရက်အတွင်း ပျမ်းမျှ နေ့စဉ်ကူးစက်မှု ပမာဏအောက် ၈ ရာခိုင်နှုန်း ကျဆင်းကာ သေဆုံးသူဦးရေသည် ငါးရက်အတွင်း အနည်းဆုံးဖြစ်သည်။

ရောဂါပိုးကူးစက် ခံရမှုကြောင့် ဆေးရုံတက်ရောက် ကုသရသည့် လူနာအရေအတွက်များပြားလာကာ  အထူးကြပ်မတ် ကုသမှုခံယူရသူ  အရေအတွက်မြင့်တက်လာသော်လည်း အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူ အများစုက ရောဂါပြင်းထန်ခြင်း မရှိကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၉ ဒသမ ၅၄ သန်းနှင့် သေဆုံးသူစုစုပေါင်း   ၄၈၉၈၄၈   ဦးရှိကြောင်း သိရသည်။