SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး (၃၇)ဦး ထပ်မံတွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး (၃၇)ဦး ထပ်မံတွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၂၄-၁-၂ဝ၂၂)ရက်နေ့

၁။  ကျန်းမာရေး ဝန်ကြီးဌာနသည် ''ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း'' များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးလျက်ရှိပါသည်။ 

၂။  ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများ အနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို  အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနနှင့် အမှတ်(၁) တပ်မတော် ဆေးရုံကြီး ခုတင်(၁ဝဝဝ)တို့တွင်(၂၄-၁-၂ဝ၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron  (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ  (၃၇)ခုတွင်တွေ့ရှိရပါသည်။

၃။  အဆိုပါ အိုမီခရွန်ရောဂါပိုး တွေ့ရှိသူ မြန်မာနိုင်ငံသား (၃၆)ဦးနှင့် နိုင်ငံခြားသား (၁)ဦးမှာ Relief Flight များဖြင့် ဝင်ရောက်လာသူများ ဖြစ်ပြီး ယူအေအီးနိုင်ငံမှ (၁၅)ဦး၊ မလေးရှားနိုင်ငံမှ (၇)ဦး၊ အိန္ဒိယနိုင်ငံမှ (၆)ဦး၊ ကိုရီးယားနိုင်ငံမှ (၄)ဦး၊ စင်ကာပူနိုင်ငံမှ (၃)ဦး၊ ထိုင်းနိုင်ငံမှ (၁)ဦးနှင့် ရုရှားနိုင်ငံမှ (၁)ဦးတို့ ဖြစ်ကြပါသည်။

၄။  အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း  အသွားအလာ ကန့်သတ်ခြင်း (Strict Quarantine)နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

၅။  သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန