မန်ယူအသင်း သမိုင်းတစ်လျှောက် ဂိုးမပေးရသည့် ပွဲအများဆုံး ဂိုးသမားစာရင်းတွင် ဂရေးဘိုင်လီကို ကျော်ဖြတ်ပြီး ဒီဂီယာက တတိယနေရာ၌ ရပ်တည်

မန်ယူအသင်း သမိုင်းတစ်လျှောက် ဂိုးမပေးရသည့် ပွဲအများဆုံး ဂိုးသမားစာရင်းတွင် ဂရေးဘိုင်လီကို ကျော်ဖြတ်ပြီး ဒီဂီယာက တတိယနေရာ၌ ရပ်တည်

မန်ယူအသင်းဂိုးသမား ဒီဂီယာသည် ပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် ကစားသည့်    မန်ယူအသင်းက  ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း၌ ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့် ပွဲစဉ်အပြီးတွင် မန်ယူအသင်းသမိုင်း တစ်လျှောက် ဂိုးမပေးရသည့်ပွဲ(Clean Sheet)အများ ဆုံးဂိုးသမားစာရင်းတွင်   ဂရေးဘိုင်လီ၏ စံချိန်ကို ကျော်ဖြတ်ပြီး  တတိယနေရာ၌   ရပ်တည်လျက် ရှိကြောင်း သိရသည်။

မန်ယူအသင်းသည်    ယခုဘောလုံးရာသီတွင်   ပရီးမီးယားလိဂ် ၂၂ ပွဲကစားပြီးချိန်တွင် အသင်း တိုက်စစ်ပိုင်းက ၃၆ ဂိုးရရှိ၍ အသင်းခံစစ်ပိုင်းက ဂိုး ၃ဝ အထိပေးထားရပြီး ခံစစ်ပိုင်းဆိုးရွားသည့် အသင်းများတွင် ပါဝင်နေသည်။

ဒီဂီယာသည်  ယခုဘောလုံးရာသီတွင်  ၂၂ ပွဲ ကစားပြီးချိန်တွင်  ဂိုးမပေးရသည့်ပွဲ  ငါးပွဲသာရှိခဲ့ သော်လည်း စွမ်းဆောင်ရည် အကောင်းဆုံးဂိုးသမား အဖြစ် ရပ်တည်လျက်ရှိသည်။

မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ် ၂၂ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေး ဇယား အဆင့်(၄)နေရာ၌ ရပ်တည်နိုင်ခဲ့ရာ ဂိုးသမားဒီဂီယာက  အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး အသင်း၏ ရမှတ်အများစုကို ဒီဂီယာ၏ စွမ်းဆောင် ရည်များကြောင့် ရရှိခြင်းဖြစ်သည်။

ဒီဂီယာသည် ၂ဝ၁၁ ခုနှစ်က အက်သလက်တီကို အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာပြီးနောက် အသင်းမှ ဂန္ထဝင်ဂိုးသမား ဗန်ဒါးဆားအနားယူပြီး နောက်ပိုင်းတွင်    အဓိက ဂိုးသမားတစ်ဦးအဖြစ် ဘောလုံးရာသီတိုင်း လက်စွမ်းပြသနိုင်သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီအစပိုင်းက    လက်စွမ်း မတည်ငြိမ်မှုများကြောင့်   ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် ယခုဘောလုံးရာသီတွင် လက်စွမ်းများ ပြန်လည်ပြသနိုင်ပြီးနောက်   ပရီးမီးယားလိဂ်တွင်လည်း စွမ်းဆောင်ရည် အကောင်းဆုံးဂိုးသမား အဖြစ်ပါ သတ်မှတ် ခံနေရသူဖြစ်သည်။

မန်ယူအသင်းသမိုင်း တစ်လျှောက် ဂိုးမပေးရသည့် ပွဲအများဆုံး ဂိုးသမားစာရင်းတွင် ပီတာရှမိုက်ကယ် က ပွဲပေါင်း ၁၈ဝ အထိပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ပြီး  ထိပ်ဆုံးမှ  ရပ်တည်လျက်ရှိကာ  ၎င်း၏ နောက်တွင် အဲလက်စ်စတက်နေးက ၁၇၅  ပွဲဖြင့် ဒုတိယ၊ ဒီဂီယာက ၁၆၂ ပွဲဖြင့်  တတိယ၊  ဂရေး ဘိုင်လီက ၁၆၁ ပွဲဖြင့် စတုတ္ထ၊  ဗန်ဒါးဆားက ၁၃၅ ပွဲဖြင့်  ပဉ္စမနေရာ၌  အသီးသီး ရပ်တည်လျက်ရှိပြီး ဒီဂီယာအနေဖြင့် ရှမိုက်ကယ်၏ စံချိန်ကိုလိုက်မီရန် ခက်ခဲမည်ဖြစ်သော်လည်း ၁၃ ပွဲအကွာတွင် ရပ်တည်နေသည့်  အဲလက်စ်စတက်နေး၏ စံချိန်ကို  လိုက်မီနိုင်ဖွယ် ရှိကြောင်း သိရသည်။