နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုအစည်းအဝေးသတင်း

နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုအစည်းအဝေး

နေပြည်တော်၊ ဇန်နဝါရီ  ၂၅
    
နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့်သတင်း ထုတ်ပြန်ချက်အပေါ်အလေးအနက်ထား ထိရောက်စွာလိုက်ပါ ဆောင်ရွက် ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်း အဝေးအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅  ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရုံးအမှတ်(၁၀)ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက်အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
    
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာမှာ ယခုအခါ အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လှုံ့ဆော်မှုများ၊ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို  တွေ့ရှိရပါကြောင်း၊ ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူ လူထုများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရအရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန် ထားပါကြောင်း၊ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှု ဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း၊
    
ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်း များကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါကြောင်း၊
    
သို့ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါကဥပဒေအရ အရေးယူခံရနိုင်သည်ကို ယခု အစည်းအဝေးသို့ တက်ရောက်လာကြသည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ပြည်သူလူထုအားလုံးသိရှိစေရေး ဥပဒေစည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုက်ပါဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆက်လက်ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များအပေါ် လေးလေးနက်နက် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
    
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ တက်ရောက်လာကြသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။